သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ တောင်ငူနဲ့ ဖြူးမြို့တွေမှာ ငလျင်လှုပ်ခတ်မှုကြောင့် လူနေအဆောက်အဦတွေ ပြိုပိပြီးသေဆုံးသူ ၂၁ ဦးထက်မနည်းရှိလာပြီလို့ ဒေသတွင်းကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။
ဖြူးမြို့၊ ဘူတာ(တောင်) ၂၄ လမ်းမှာနေထိုင်တဲ့ မိသားစုဝင် ၄ ဦး၊ ၁၀ လမ်းထိပ်မှာ နေထိုင်သူ ၂ ဦး၊ စည်ပင်ဝန်ထမ်းအိမ်ရာမှာနေထိုင်သူ ၄ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ပြီး ငလျင်လှုပ်ချိန်မှာ ၎င်းတို့နေထိုင်ရာနေအိမ်တွေနဲ့ နံဘေးရှိအဆောက်အဦတွေပြိုကျခဲ့တာကြောင့် သေဆုံးခဲ့တာလို့ဆိုပါတယ်။
" အမတို့အိမ်နားက ၂၄ လမ်းမှာတော့ တမိသားစုလုံး ဘေးအိမ်ကနံရံပိသေတာ။ ကလေး ၁၀ နှစ် သူ့အဖေရယ်၊ အဘွားရယ်၊ အဒေါ်ရယ်။ Hello Fashion နားမှာ ၂ ဦးသေတယ်။ စည်ပင်အိမ်ရာက ၄ ဦးသေတယ်" လို့ ဖြူးမြို့ခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။
ဖြူးမြို့တွင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးကလည်း ကနဦးကောက်ယူထားတဲ့ စာရင်းတွေအရ ဖြူးမြို့ပေါ် ရပ်ကွက် ၈ ခုထက်မနည်းငလျင်ဒဏ်ခံခဲ့ရပြီး သေဆုံးသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
" မြို့မအနောက်(စည်ပင်အိမ်ယာဝန်း)မှာ ၃ ယောက်က ရေစင်ပိပြီး အတွဲလိုက်။ နောက်တယောက်က တိုက်အဟောင်းပိပြီး တယောက်တည်း။ နောက် ၄ ရပ်ကွက် သံလမ်းအနောက်ဘက်ခြမ်းမှာစျေးဆိုင်တဆိုင်ရဲ့ပတ်ဝန်းကျင်နားမှာ တိုက်အိုတိုက်ဟောင်းရဲ့ ဝရံတာမျိုးပြုတ်ကျပြီးတော့ ဖြစ်တာက ၃ ဦး၊။ မြို့အရှေ့ဘက် ဘူတာတောင် ၂၄ လမ်းမှာက မိသားစု ၄ ဦး အုတ်နရံပိတာ။ အားလုံးပေါင်း ၁၁” လို့ ပြောပါတယ်။
“ စည်ပင်ဝန်ထမ်းအိမ်ယာက ရေစင်ပိတာ ၃ ဦး။ ရေစင်ကြီးလဲသွားတာ သူတို့တန်းလျားရဲ့ ခေါင်းရင်းခန်းကိုသွားပိတာ၊ တခန်းလုံးပိတာ။ အဲ့မှာထိုင်နေတဲ့ မိသားစု ၃ ဦးစလုံး တော်တော်ဆိုးဆိုးကြီး ပျက်စီးသွားလို့ ညတွင်းချင်းတောင်မြေမြှုပ်လိုက်တယ်လို့ ကြားတယ် " လို့ သူကဆက်ပြောပါတယ်။
တောင်ငူမြို့မှာလည်း ငလျင်ဘေးကြောင့်သေဆုံးသူ ၁၁ ဦးအထိတိုးလာပြီး ၅၀ ကျော် ဒဏ်ရာရထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
ယမန်နေ့ နေ့လယ်ပိုင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဝေဠုဝန်ဘုန်းကြီးကျောင်းအတွင်းရှိ ကျောင်းဆောင်တခု၊ ကန်တော်ဗလီနဲ့ အခြားသာသနိကအဆောက်အအုံတွေနဲ့ လူနေအိမ်တွေလည်းပြိုကျပျက်စီးခဲ့ပြီး အဆောက်အဦအတွင်းရှိ လူတွေလည်းထိခိုက်သေဆုံးခဲ့တာပါ။
" လောလောဆယ် သိထားရသလောက်က သေဆုံး ၁၁ ယောက်။ ဒဏ်ရာရ ၅၀ ကျော်ရှိတယ်ဆိုတာလောက်ဘဲ အတည်ပြုနိုင်သေးတယ်။ အပျက်အစီးကတော့ ဘုန်းကြီးကျောင်းနဲ့ ဗလီကတော့ ပျက်စီးများတယ်။ ကျန်တာကတော့ အပျက်အစီးနည်းပါတယ်"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတဦးက ပြောပါတယ်။
ငလျင်ကြောင့် ကလေးငယ် ၅ ဦး၊ ကိုရင် ၁ ပါး၊ အစ္စလာမ်ဘာသာဝင်အမျိုးသား ၅ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးထားပြီး ကလေးငယ်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီးအရွယ်စုံ ၅၀ ကျော် ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ငလျင်ဒဏ်ကြောင့် တောင်ငူမြို့ရဲ့အမှတ် ၆၊ အမှတ် ၉၊ အမှတ် ၁၀ ရပ်ကွက်တွေက လူနေအိမ်တွေအပါအဝင် ခပေါင်းတံတားအက်ကွဲမှု၊ ရှေ့ဟောင်းဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးတာတွေရှိနေတယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုတော့ တောင်ငူဆေးရုံမှာ ဆေးကုသပေးနေပြီး မြေပြင်မှာ ထိခိုက်သေဆုံးသူ ဒီထက်ပိုများနိုင်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလောအခြေအနေတွေအရ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကဦးစားပေး လုပ်ဆောင်နေရလို့ သေဆုံးထိခိုက်သူတွေရဲ့ အချက်အလက်တွေကိုတော့ ကောက်ယူနိုင်တာ မရှိသေးဘူးလို့ ဒေသတွင်းလူမှုကူညီရေးအသင်းတွေက ဆိုကြပါတယ်။
မတ် ၂၈ ရက် မနေ့ မွန်းလွဲ ၁ နာရီခန့်မှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်းအတွင်းမြို့နယ်အများအပြားမှာ လူသေဆုံးထိခိုက်ပျက်စီးမှုတွေ များပြားခဲ့တာပါ။
ငလျင်ဒဏ်ကြောင့် သေဆုံး၊ ဒဏ်ရာရမှုတွေနဲ့ပတ်သက်လို့ စစ်ခေါင်းဆောင်က နေပြည်တော်မှာ ၉၆ ဦး၊ စစ်ကိုင်းမြို့မှာ ၁၈ ဦး ၊ ကျောက်ဆည်မှာ ၃၀ ဦး စုစုပေါင်း ၁၄၄ ဦးသေဆုံး၊ ၇၃၂ ဦးဒဏ်ရာရထားတယ်လို့ ယမန့်နေ့ ညပိုင်းမှာ ပြောဆိုထားပြီး အခြားမြို့တွေရဲ့သေဆုံးမှုတွေကို ထုတ်ဖော်ပြောတာမျိုးမရှိသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီက ငလျင်ဘေးသင့်ဒေသတွေကို သဘာဝဘေးဥပဒေအရ အရေးပေါ် အခြေအနေကြေညာထားပါတယ်။
Photo-Htin Aung Shein
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပဲခူး #ဖြူး #တောင်ငူ #ငလျင် #သေဆုံး
Share Share Share