ဖြူးမြို့ကို စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့်တိုးမြှင့်၊ ခံစစ်ပြင်ဆင်ခြင်းဖြစ်ဟု ပကဖသုံးသပ်

ဖြူးမြို့ကို စစ်ကောင်စီတပ်က အင်အား ၅၀၀ ခန့်တိုးမြှင့်၊ ခံစစ်ပြင်ဆင်ခြင်းဖြစ်ဟု ပကဖသုံးသပ်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့ကို  စစ်ကောင်စီဘက်က အင်အား ၅၀၀ ခန့် တိုးမြှင့်ကာ မြို့တွင်း၊မြို့ပြင်နေရာတချို့နဲ့ မြို့အနီးကျေးရွာတွေမှာ တပ်အင်အားတွေကို ဖြန့်ကျက်ချထားလာတယ်လို့ ဖြူးမြို့နယ်ပကဖထံက သိရပါတယ်။

ယခင်က ဖြူးမြို့ အထွေထွေအုပ်ချုပ်ရေးဌာနနဲ့ ရဲစခန်းတွေမှာ စစ်အင်အား ၂၀ ခန့်သာ ထားရှိပေမယ့် ဇွန်လ ၂၁ ရက်ကစတင်လို့  ဖြူးမြို့ပေါ် သာသနဗိမ္မာန်၊ ဖွဲနုဆီစက်၊ဆေးရုံ၊ မြို့နယ်ပညာရေးမှူးရုံးတွေမှာပါ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြား လာရောက်တပ်စွဲပြီး လက်နက်ကြီးတွေပါ အထိုင်ချထားတယ်လို့ ဆိုပါတယ်။

"သူတို့ဘက်က ဘာသတင်းရထားလဲတော့ မသိဘူး။ စစ်ရေးဗျူဟာ ပြောင်းလာတယ်လို့ ပြောရမယ်။ ခု ရက်ပိုင်းမှာ အင်အား ၅၀၀ လောက်ထပ်ဖြည့်လာတယ်။ လမ်းဟောင်းတလျှောက်မှာရှိတဲ့ သူတို့ စစ်ဆေးရေးဂိတ်တွေကို ဖြုတ်လိုက်ပြီးတော့ စစ်တောင်းမြစ်နဲ့ ပဲခူးရိုးမကြားကို တပ်စွဲနေရာတွေလုပ်ပြီး ကာလိုက်တဲ့ သဘောလုပ်နေတယ်"လို့ ဖြူးမြို့နယ် ပကဖတာဝန်ရှိက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် ဖြူးမြို့နယ်အနီး အမြန်လမ်းဘေးရှိ ကျွဲမကူး ၊ ဂွေးကုန်း၊ ဝဲဒေါင့်အလယ်ရွာ၊ ဝတီး၊ မင်းဂံရိုး စတဲ့ရွာတွေအပြင် ဖြူးအနောက်ဘက် ပဲခူးရိုးမဘေးရွာတွေကိုလည်း တပ်ဖြန့်ထားပြီး တရွာကို အင်အား ၃၀ ကနေ ၇၀ ကြားထိ တပ်စွဲထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ပြောင်းလဲလာတဲ့ ဗျူဟာအရ မြို့တွင်းတိုက်ပွဲတွေ ဖြစ်လာနိုင်လို့ စစ်ကောင်စီနေရာတွေနဲ့ ဝေးရာနေဖို့နဲ့ စစ်ရေးသတိနဲ့ သွားလာနေကြဖို့ လိုတယ်လို့ဆိုပါတယ်။

"ခုလိုစကစဘက်က အင်အားဖြန့်ကျက်လာတာက ထိုးစစ်ထက်ခံစစ်ကို ပိုမိုပြင်ဆင်လာတာ ဖြစ်နိုင်တယ်။ ဖြူးမြို့က ဌာနဆိုင်ရာရုံးစိုက်တဲ့မြို့ဆိုတော့ မြို့ကိုကာတဲ့ သဘောဖြစ်နိုင်တယ်" လို့ ဖြူးပကဖ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဖြူးမြို့ ခမရ(၃၀၆)တပ်ရင်း(ယခင်သနက ၆ တပ်)နဲ့နီးတဲ့ ကျီးမနိုးရွာကိုလည်း စစ်ကောင်စီတပ်ဘက်က ပြောင်းရွှေ့ခိုင်းထားတယ်လို့ သိရပြီး၊  ဖြူးမြို့တွင်း မြို့ပြင်နေရာတွေမှာ ခြေကုပ်ယူတပ်စွဲပြီးနောက် ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်နေတာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဖြူးမြို့ #စစ်ကောင်စီတပ် #အင်အားတိုးမြှင့် #ခံစစ်ပြင်ဆင် #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10