ဖြူးမြို့နယ်က လှုပ်ရှားစစ်ကြောင်းနဲ့ တံတားစောင့်အဖွဲ့ကို PDF က ဒရုန်းနဲ့တိုက်ခိုက်

ဖြူးမြို့နယ်က လှုပ်ရှားစစ်ကြောင်းနဲ့ တံတားစောင့်အဖွဲ့ကို PDF က ဒရုန်းနဲ့တိုက်ခိုက်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာနဲ့ အုတ်ဖြတ်တံတားနားမှာ စစ်ကောင်စီလှုပ်ရှား စစ်ကြောင်းနဲ့ တံတားစောင့်အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ သေဆုံးသူတွေရှိတယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ ၂ ထံက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက်မှာ အင်အား ၄၀ ကျော်နဲ့ လေးအိမ်စုကျေးရွာထဲက စာသင်ကျောင်းနဲ့ နေအိမ်တွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီအဖွဲ့ကို ဒရုန်းဗုံး ၂ လုံးနဲ့  ၂ ကြိမ်သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၀ ရက် ည ၈ နာရီခွဲခန့်မှ အင်အား ၅၀ လောက်နဲ့ရှိနေတဲ့ အုတ်ဖြတ်တံတားစောင့် ကင်းစခန်းကိုလည်း ဒရုန်းဗုံး ၁ လုံးချ တိုက်ခိုက်ခဲ့ပါတယ်။

"ပစ်မှတ်ကို တည့်ထိမှန်လို့ စကစဘက်က ထိခိုက်သေဆုံးရှိတယ်။ သူတို့ဘက်ကလည်း စက်လတ်တွေနဲ့ ဒရုန်းကို ပြန်ပစ်တာရှိတယ်" လို့  အထူးကွန်မန်ဒိုတပ်ရင်း၊ တောင်ပိုင်းတိုင်း စစ်ဒေသခွဲ ၂ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

လေးအိမ်စုကျေးရွာက စစ်အုပ်စုကို ဒရုန်းဗုံးနဲ့ တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ဒဏ်ရာရသူများတယ်လို့ ဆိုပါတယ်။

အုတ်ဖြတ်တံတား ဗုံးချတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တာကို မြေပြင်သတင်းပေးတွေထံက သတင်းပေးပို့ချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒရုန်းဗုံးချ တိုက်ခိုက်ခံရပြီးနောက် လေးအိမ်စုကျေးရွာထဲက စစ်ကောင်စီအဖွဲ့ဟာ အောက်တိုဘာ ၂၀ ရက်မှာ အဆိုပါကျေးရွာကနေ ပြန်လည်ထွက်ခွာသွားပါတယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ အထူစစ်ဆင်ရေးတပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း ၂၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသခွဲ ၂တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၁၂ ရက်ကလည်း ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအနီးရှိ အုတ်ဖြတ်တံတားစောင့် စစ်ကောင်စီအဖွဲ့ စနိုက်ပါနဲ့ ထပ်ပစ်ခံရလို့ ၁ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့ #လေးအိမ်စုကျေးရွာ #အုတ်ဖြတ်တံတား #စစ်ကောင်စီ #ဒရုန်း #ဗုံးချတိုက်ခိုက် #သေဆုံး #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10