ဖြူးမြို့နယ်မှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်လို့ အမျိုးသားတဦး ခေါင်းပွင့်သေဆုံး

ဖြူးမြို့နယ်မှာ စစ်တပ်က ရဟတ်ယာဉ်နဲ့ပစ်လို့ အမျိုးသားတဦး ခေါင်းပွင့်သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ မြပဲခူးကျေးရွာအုပ်စုထဲကို စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ လှည့်ပတ်ပစ်သွားလို့ ဒေသခံ ၁ ဦး ဦးခေါင်းပွင့် သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။  

နိုဝင်ဘာလ ၈ ရက် မွန်းလွဲ ၁ နာရီလောက်မှာ စစ်ကောင်စီရဟတ်ယာဥ် ၁ စီးက မြပဲခူး၊ ကရင်အောက်ရွာလေး၊ သင်္ကန်းပင်ရွာ၊ နောင်ဘိုကျေးရွာနဲ့ ပျဥ်းမပင်ကျေးရွာကို လှည့်ပတ်ပြီး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"တိုက်ပွဲမရှိဘဲ ဒီအတိုင်းလာပစ်သွားတာ။ အကြာကြီးတော့ မဟုတ်ဘူး။ ခဏလောက်ဘဲ လှည့်ပတ်ပစ်ပြီး ပြန်သွားတယ်" လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ရဟတ်ယာဥ်နဲ့ပစ်ခတ်လို့ ပျဥ်းမပင်ရွာသား အသက် ၂၀ ကျော်အရွယ် အမျိုးသား ၁ ဦးမှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားပါတယ်။ 

စစ်ကောင်စီဘက်က လေယာဥ်အသုံးပြုပစ်ခတ်တာကြောင့် မြပဲခူး၊ ကရင်အောက်ရွာလေး၊ သင်္ကန်းပင်ရွာ၊ နောင်ဘိုကျေးရွာနဲ့ ပျဥ်းမပင်ကျေးရွာဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးကြရပြီး နိုဝင်ဘာ ၉ ရက် မနက်ပိုင်းမှာတော့ ရွာတွေကို ပြန်လာကြပြီလို့ သိရပါတယ်။ 

အဲ့ဒီနေ့ ညနေ ၃ နာရီကျော်ခန့်မှာ ထန်းတပင်မြို့နယ်၊ ဇလုပ်ကြီးရွာဘက်ကို ဇရပ်ကြီးအခြေစိုက် ခမရ ၇၃ တပ်ကနေ လက်ကြီးနဲ့ပစ်ခတ်ရာ ကျေးရွာထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦးဒဏ်ရာရခဲ့ပါသေးတယ်။ 

နိုဝင်ဘာ ၄ ရက်က ဖြူးမြို့နယ်၊ ကြူအင်းကျေးရွာကို စစ်ကောင်စီအဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာစဥ် လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့  ကလေး ၂ ဦးသေပြီး လူကြီး ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့ #မြပဲခူးကျေးရွာ #စစ်ကောင်စီ #ရဟတ်ယာဥ် #ဦးခေါင်းပွင့် #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10