ဖြူးမြို့နယ်မှာ ကျေးရွာပေါင်း ၂၅ ရွာကျော် ရေဘေးသင့်နေပြီး အကူအညီများလိုအပ်

ဖြူးမြို့နယ်မှာ ကျေးရွာပေါင်း ၂၅ ရွာကျော် ရေဘေးသင့်နေပြီး အကူအညီများလိုအပ်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၅ ရွာကျော် ရေဘေးသင့်နေပြီး အကူအညီတွေလိုအပ်နေတယ်လို့ ရေဘေးကူညီရေးအသင်းတွေနဲ့ဒေသခံတွေထံက သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်ကစပြီး စစ်တောင်းမြစ်ရေမြင့်တက်လာတာကြောင့် မြစ်ကမ်းနံဘေး အနိမ့်ပိုင်း ကျေးရွာတွေမှာ ရေအမြင့် ၇ ပေကျော်နဲ့ ကျေးရွာအမြင့်နေရာတွေမှာ ရေအမြင့် ၄ ပေခန့်ထိ ရေကြီးရေလျှံတာတွေ ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

"ရေဘေးသင့်ကျေးရွာတွေက တော်တော်များတယ်။ ကျနော်တို့ အထက်ပိုင်းမှာတင် ကျေးရွာနှစ်ဆယ်/အစိတ်ကျော်တယ်။ အောက်ပိုင်းတွေမှာလည်း ရှိသေးတယ်။ ရွာတွေက လုံးဝရေပြင်ပဲ။ တထပ်အိမ်တွေဆိုလည်း မြုပ်နေတာတွေရှိတယ်"လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရေကြီးနစ်မြုပ်နေလို့ စစ်​တောင်းမြစ်ကမ်းဘေးရှိ ဗန်းလောင်၊ လက်ပန်တန်၊ ကျောက်စောင်း၊ ကညင်ဒိုင်း၊ ဆေးရိုးကုန်း၊ ဇီးခုံ၊ နန္ဒမိတ်၊ ကိုင်းတဲစု၊ မြောင်းဝလေး၊မြပဲခူး၊ မိသလင်၊ သာယာကုန်း၊ သပြေလဟာ၊ ရွာမကြီး၊ အုတ်ဖြတ်ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၅ ရွာကျော် ရေဘေးသင့်နေပါတယ်။

ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသတွင်း ပရဟိအဖွဲ့တွေဘက်က ကူညီလုပ်ဆောင်ပေးနေပေမယ့် လိုအပ်ချက်တွေလည်းရှိနေတယ်လို့ သိရပါတယ်။

ကျေးရွာတော်တော်များများမှာလည်း ဖုန်းလိုင်းတွေပြတ်တောက်နေတာတွေရှိနေလို့ အဆက်အသွယ်မရဘဲ ကူညီကယ်ဆယ်ရေးတွေမရောက်တဲ့ နေရာတွေလည်း ရှိနေပါတယ်။

"ကျွန်မတို့ရွာဆို ၁၃ ရက်​နေ့ကတည်းက ရေက စတက်တယ်။ တဖြည်းဖြည်းတက်လာတာ။ ရေကတခါမှလည်း အခုလိုမတက်ဖူးတော့ အဲ့လောက်ကြီးလည်းဖြစ်မယ်လို့ မထင်ထားဘူး။ ၁၅ ရက်နေ့ကျတော့ ရေကတအားတက်လာပြီး ဝင်လို့ထွက်လို့မရ၊ ရေစီးကလည်းသန်၊ လူတရပ်ကျော်မြုပ်လာတော့ မသွားမလာတတ်တော့ဘူး။ အိမ်ကအောက်ထပ်မြုပ်ပြီး အိမ်ပေါ်နဲ့ထိဖို့ တတောင်လောက်ပဲ လိုတော့တာ။"လို့ အုတ်ဖြတ်ရွာခံ အမျိုးသမီးတဦးက ပြောပါတယ်။

အုတ်ဖြတ်ရွာထိ ကူညီကယ်ဆယ်ရေးတွေမရောက်ဘဲ နီးစပ်ရာကျေးရွာက ရွာခံတွေအချင်းချင်းက လှေတွေနဲ့နီးစပ်ရာရေလွတ်နေရာတွေကို ဝိုင်းကူပြောင်းရွှေ့ပေးလို့ လွတ်မြောက်လာသူတွေလည်းရှိနေပါတယ်။

ရေဘေးသင့်ပြီး ကုန်းမြင့်ပိုင်းတွေမှာရောက်နေသူတွေနဲ့ နေအိမ်တွေအတွင်း မရွှေ့ပြောင်းဘဲနေသူတွေအတွက် ရေနဲ့ရိက္ခာလိုအပ်ချက်တွေလည်းရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဖြူးမြို့နယ်မှာ ရေကြီးရေလျှံတာဖြစ်နေသလို တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်းစတဲ့ တောင်ငူခရိူင်အတွင်းမြို့နယ်အားလုံးမှာ ရေကြီးရေလျှံတာတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#ပဲခူး #ဖြူး #ရေဘေး #သဘာဝဘေးအန္တရာယ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10