ဖြူးမြို့၊ ညောင်ပင်သာရဲစခန်း ဝင်ရောက်ပစ်ခတ်ခံရ၊ ရဲသေဆုံးမှုရှိ

ဖြူးမြို့၊ ညောင်ပင်သာရဲစခန်း ဝင်ရောက်ပစ်ခတ်ခံရ၊ ရဲသေဆုံးမှုရှိ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲသေဆုံးမှုတွေရှိတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက  ဩဂုတ် ၁၀ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၉ ရက် နေ့လယ် ၁ နာရီခွဲက  ဖြူးမြို့နယ် ပကဖနဲ့ ရိုးမစစ်ကြောင်း ၁၊ တပ်ခွဲ ၃ အာဠာဝကစစ်ကြောင်းတို့ ပူးပေါင်းကာ ညောင်ပင်သာရဲစခန်းကို အလစ်ငိုက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေကတော့ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီဘက်က ဝင်ပစ်တာ၊ သူတို့(ရဲ)ဘက်က ပစ်ချိန်ကို မရလိုက်ပါဘူး။ ရခ ၂ ကောင် ပွဲချင်းပြီးတယ်၊ ဒဏ်ရာရ ရခတွေက ဆေးရုံမှာ၊ အခုရဲစခန်းမှာ လူငယ် ၄ ယောက် ဖမ်းထားတယ်" လို့ ဖြူးမြို့နယ်ပကဖ တာဝန်ရှိသူတဦး က ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်သား ၂ ဦးပွဲချင်းပြီး သေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့ပြီး ဒဏ်ရာရ ရဲတပ်သားတွေကိုတော့ ဖြူးဆေးရုံကို ပို့ဆောင်ကာ ကုသပေးနေတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး နောက်တနေ့မှာ စစ်ကောင်စီက လူငယ် ၄ ဦးကို ဖမ်းဆီးပြီး မိသားစုနဲ့လည်း တွေ့ခွင့်မပေးဘဲ ရဲစခန်းထဲမှာ ပိတ်ထားကာ လမ်းသွားလမ်းလာ ပြည်သူတွေကိုလည်း ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ် လို့ သိရပါတယ်။

ညောင်ပင်သာရဲစခန်းမှာ ရဲတပ်သား ၂၀ ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်တွေကတော့ ညောင်ပင်သာ - အ.ထ.က ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက် မနက် ၉ နာရီကလည်း ဖြူးမြို့နယ်၊ အုတ်ဖြတ်ရဲစခန်းကို ရိုးမစစ်ကြောင်း -၂ က ၆၀ မမ ဗုံးသီး ၂လုံးနဲ့ ဝေဟင်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဖြူးမြို့နယ် #ညောင်ပင်သာရဲစခန်း #ပကဖ #ရိုးမစစ်ကြောင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10