ဖြူးမှာ စာကြည့်တိုက်အနီး မိုင်းကွဲမှု ကလေး ၄ ဦးအထိ သေဆုံးခဲ့၊ ဒဏ်ရာရသူ ၂ ဦးထပ်တိုး

ဖြူးမှာ စာကြည့်တိုက်အနီး မိုင်းကွဲမှု ကလေး ၄ ဦးအထိ သေဆုံးခဲ့၊ ဒဏ်ရာရသူ ၂ ဦးထပ်တိုး

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အင်ပင်သာရွာ စာကြည့်တိုက်အနီးမှာ မိုင်းပေါက်ကွဲမှုမှာ ကလေး ၃ ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၄ ဦးအထိရှိကာ ဒဏ်ရာရသူ ၂ ဦးလည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် ယမန်နေ့မနက်ပိုင်းက သတင်းဖော်ပြခဲ့တဲ့ ပေါက်ကွဲစဉ်မှာ ဒဏ်ရာပြင်းထန်ရ ကလေး ၃ ဦးထဲက ထပ်မံသေဆုံးခဲ့တာဖြစ်လို့ သေဆုံးကလေးငယ် ၄ ဦးအထိရှိခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၅ ရက် မနက်ပိုင်းက ကျေးရွာစာကြည့်တိုက်အနီးမှာ တွေ့ရှိတဲ့ အထုပ်တခုရဲ့ ကြိုးစကို ကလေးတဦးမှ သွားဆွဲမိရာက ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

"သိရသလောက်က နေရာမှာ ကလေး ၁ ဦးသေတယ်။ ပြီးတော့ ဒဏ်ရာရသူတွေကို ဆေးရုံပို့တော့ ဆေးရုံမှာ ၃ ယောက်ထပ်ဆုံးတယ်။ ကလေးတယောက်ကဆို နေရာမှာ အခြေနေတော်တော်ဆိုးဆိုးနဲ့ ဆုံးသွားတာ" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းထုပ်ပေါက်ကွဲလို့ မောင်အေးချမ်းမောင် ၁၂ နှစ်၊ ဖိုးလပြည့် ၅ နှစ်၊ ဝသာန်မိုး ၅ နှစ်၊ မောင်ငပေါက် ၅ နှစ် တို့ ၄ ဦး သေဆုံးသွားပြီး ဦးမင်းနိုင် ၅၀ နှစ်နဲ့ မောင်ထိန်လင်း ၆ နှစ်တို့မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖြူးမြို့နယ် ပကဖရဲ့ ထုတ်ပြန်ချက်အရတော့ အဆိုပါမိုင်းထုပ်ကို စစ်ကောင်စီတပ်သားတွေက ထောင်ထားတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

အင်ပင်သာကျေးရွာဟာ ဖြူးမြို့အနောက်ဘက်ခြမ်းက ကျေးရွာဖြစ်ပြီး အဲ့ဒီနယ်မြေဟာ စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေ လှုပ်ရှားတဲ့နယ်မြေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းမှာ တိုက်ပွဲတွေနဲ့မိုင်းပေါက်ကွဲမှုတွေအကြား အရပ်သားနဲ့ကလေးငယ်သေဆုံးမှုတွေ မကြာခဏဆိုသလိုဖြစ်ပွားနေပြီး ဇွန်လ ၁၆  ရက်ညနေပိုင်းက ဖြူးမြို့နယ်၊ ဖွားအေစုကျေးရွာနေ ဒေသခံ ၂ ဦးလည်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ဖြူး #ပဲခူး #မိုင်းပေါက်ကွဲမှု #ကလေးငယ် #သေဆုံးမှု #စစ်ကောင်စီတပ် #PDF #ပြည်တွင်းစစ် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10