ဖြူးမှာ စစ်ကောင်စီတပ်စစ်ရေးအရ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရ

ဖြူးမှာ စစ်ကောင်စီတပ်စစ်ရေးအရ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဖြူး-အုတ်ဖြတ်သွားလမ်း ဝဲကြီးကျေးရွာအနီးက တံတား ၁ စင်း မိုင်းခွဲခံရပြီး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အရှည်ပေ ၃၀၀၊ အကျယ် ၁၄ ပေရှိတဲ့ အဲ့ဒီတံတားဟာ စစ်ကောင်စီတပ်က စစ်ရေးအရ အဓိက အသုံးပြုနေတာဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက် မနေ့ည ၁၀ နာရီကျော်အချိန်မှာ မိုင်းခွဲခံခဲ့ရတာလို့ ဆိုပါတယ်။

"ညက ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ မနက်သွားကြည့်တော့ တံတားက ပြိုကျနေတယ်။ မနက်ပိုင်း ၇ နာရီကျော်လောက်ကတော့ စကစ ဘက်က လာစစ်သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

 မိုင်းခွဲခံရတာကြောင့် တံတားအလယ်ပိုင်း ပေ ၅၀ ခန့် ပြိုကျပျက်စီးသွားပြီး ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။

"အဲ့ဒီတံတားကတော့ စကစဘက်က ကင်းလှည့်တာ၊ ရိက္ခာပို့တာတွေမှာ အဓိကသုံးတယ်လို့သိရတယ်။ ဘယ်အဖွဲ့က ခွဲလည်းဆိုတာတော့ မသိရသေးဘူး"လို့ ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူက ပြောပါတယ်။

ဖြူးမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ KNLA၊ PDFပူးပေါင်းတပ်ဖွဲ့တွေအကြား မကြာခဏဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး ဩဂုတ်လ ၁၄ ရက်ကလည်း ဖြူးမြို့နယ်၊ သစ်ဖြူဆိပ်ကျေးရွာအနီးက စစ်ကောင်စီစစ်ရေးအရ အသုံးပြုနေတဲ့ သံကူကွန်ကရစ်တံတား ၁ စင်း မိုင်းခွဲခံခဲ့ရသေးတယ်လို့ သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဖြူး #ဘေလီတံတား #မိုင်းခွဲခံရ #ပျက်စီးမှု #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10