ဖြူးမှာ စစ်ကောင်စီနေရာ ၃ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရ ၃ ဦးသေဆုံးတယ်လို့ပြော

ဖြူးမှာ စစ်ကောင်စီနေရာ ၃ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရ ၃ ဦးသေဆုံးတယ်လို့ပြော

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ အုတ်ဖြတ်တံတား စစ်ဆေးရေးဂိတ်၊ အုတ်ဖြတ်ရဲစခန်းနဲ့ ထန်းကုန်းကျေးရွာ တပ်စွဲထားတဲ့ စစ်ကောင်စီနေရာ ၃ ခု ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ရိုးမစစ်ကြောင်း ၂ ထံက သိရပါတယ်။

ဩဂုတ် ၁၇ ရက် မနက် ၉ နာရီ ၅၀ မိနစ်ခန့်မှာ အင်အား ၁၀ ဦးကျော်ရှိနေတဲ့ အုတ်ဖြတ်တံတား စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဗုံး ၁ လုံးနဲ့တိုက်ခိုက်ခဲ့သလို ၁၀ နာရီ ၁၅ မိနစ်မှာ အုတ်ဖြတ်ရဲစခန်းကို ဒရုန်းဗုံး ၁ လုံးထပ်မံကြဲချခဲ့တယ်လို့ ဆိုပါတယ်။

"တနေရာကို ဒရုန်းဗုံးသီး တလုံးစီချပြီး တိုက်ခိုက်ခဲ့တယ်။ တံတားနဲ့ရဲစခန်းက နေရာတွေမှာ ထိခိုက်သေဆုံးက အခုထိမသိရသေးဘူး။ ထန်းကုန်းရွာမှာတော့ ထိခိုက်သေဆုံးရှိတယ်" လို့ ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူတဦးက ပြောပါတယ်။

ညနေ ၄ နာရီ ခွဲခန့်မှာ ထန်းကုန်းကျေးရွာမှာ အင်အား ၂၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီနေရာကို ၈၁ မမ ဒရုန်းဗုံးသီး ၁ လုံးချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတွေနေထိုင်ရာ တဲအနီးကို ကျပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ တိုက်ခိုက်မှု ၃ ကြိမ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် ထိခိုက်တာမရှိဘူးလို့ သိရပါတယ်။

အုတ်ဖြတ်တံတားက စစ်ကောင်စီအဖွဲ့ဟာ မကြာခဏဆိုသလို KNLA ပူးပေါင်းတပ်တွေဘက်က စနိုက်ပါနဲ့လာပစ်လို့ ဇူလိုင်လအတွင်း ၄ ဦးသေဆုံးထားသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခံရတာ၊ RPG စမ်းသပ်တဲ့အနေနဲ့ လာရောက်ပစ်ခတ်တာ၊ တိုက်ပွဲဖြစ်ပွားတာတွေကြောင့် ၁၀ ဦးခန့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဇူလိုင် ၈ ရက်ကလည်း အုတ်ဖြတ်တံတား လုံခြုံရေးယူပေးဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ အုတ်ဖြတ်ရဲစခန်းတွင်းမှာ ရှိနေချိန် ဒရုန်းအသုံးပြီး ၆၀ မမ ဒရုန်းဗုံးသီး ၂ လုံးနဲ့  တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်း #ဖြူးမြို့နယ် #ဒရုန်းဗုံးချ #ရိုးမစစ်ကြောင်း #စစ်ကောင်စီ #KNLA #အုတ်ဖြတ်တံတား #အုတ်ဖြတ်ရဲစခန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10