ဖြူးမှာ စာကြည့်တိုက်အနီး ဗုံးကွဲလို့ ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ဖြူးမှာ စာကြည့်တိုက်အနီး ဗုံးကွဲလို့ ကလေး ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းအရှေ့ခြမ်း၊ ဖြူးမြို့နယ်၊ အင်ပင်သာရွာ စာကြည့်တိုက်အနီးမှာ ဗုံးပေါက်ကွဲပြီး ကလေး ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကတဆင့် သိရပါတယ်။

ဇူလိုင် ၂၅ ရက် မနေ့ညနေ ၄ နာရီလောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့အစည်းက ထောင်ထားခဲ့လဲ ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

“အင်ပင်သာက ကလေးတွေ မိုင်းနင်းမိတယ်၊ ဗုံးအထုပ်ကို ဘာမှန်းမသိလို့ သွားဆွဲရင်း ဖြစ်တယ်လို့လည်း သိရတယ်။ ဘာမှန်းသေချာ မသိရသေးဘူး၊ ကိုယ်တိုင်လည်း မမြင်ရတော့ သေချာပြောဖို့ခက်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲလို့ ကလေးငယ် ၁ ဦးကတော့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့ကာ နောက်ထပ်ကလေး ၂ ဦးနဲ့ လူကြီး ၁ ဦးကတော့ ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရတဲ့ထဲက ကလေးငယ်တဦးလည်း စိုးရိမ်ရတဲ့ အနေထားမှာရှိနေကာ ဖြူးဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

သေဆုံးဒဏ်ရာရသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ 

မြေလတ်အသံကို ပေးပို့လာတဲ့ဓါတ်ပုံအရ သေဆုံးခဲ့တဲ့ကလေးမှာ မိုင်းစထိမှန်တဲ့အတွက် လက်နဲ့ ခြေထောက်တွေ ပြတ်တောက်သွားပြီး ဝမ်းဗိုက်ပေါက်ထွက်နေတာကိုပါ တွေ့ရှိရပါတယ်။ 

အင်ပင်သာကျေးရွာဟာ ဖြူးမြို့အနောက်ဘက်ခြမ်းက ကျေးရွာဖြစ်ပြီး အဲ့ဒီနယ်မြေဟာ စစ်ကောင်စီတပ်သား၊ ရဲ၊ ပျူစောထီးနဲ့ ပြည်သူ့စစ်တွေ လှုပ်ရှားတဲ့နယ်မြေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းမှာ တိုက်ပွဲတွေနဲ့ ထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဇူလိုင် ၂၄ ရက်ကလည်း ပဲခူးမြို့ ရုံးကြီးရပ်မှာရှိတဲ့ စစ်ကောင်စီ တိုင်းအစိုးရရုံးနဲ့ တိုင်းထွေအုပ်ရုံးကို ကာကွယ်ရေးအဖွဲ့တွေက M 79 နဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဖြူး #အင်ပင်သာ #ဗုံးပေါက်ကွဲ #ကလေး #သေဆုံး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10