ဖြူး အုတ်ဖြတ်တံတားမှာ စနိုက်ပါနဲ့ပစ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ဇူလိုင်လအတွင်း ၃ ဦးသေ

ဖြူး အုတ်ဖြတ်တံတားမှာ စနိုက်ပါနဲ့ပစ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေ၊ ဇူလိုင်လအတွင်း ၃ ဦးသေ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ကျေးရွာအနီးရှိ စစ်တောင်းမြစ်ကူးတံတားစောင့် စစ်ကောင်စီတပ်ဖွဲ့ ကို စနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

ဩဂုတ် ၅ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်က အုတ်ဖြတ်တံတားမှာ စစ်ကောင်စီအင်အား ၃၀ ကျော်ခန့်ရှိနေချိန် စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒီနေ့က ဖြူးက စကစ အဖွဲ့တွေလည်း ကင်းလှည့်ရင်းရောက်နေတယ်။ ပုံမှန်ဆို တံတားအောက်မှာ စောင့်နေတဲ့ အင်အား ၅ ဦးလောက်ပဲရှိတာ။ အခုစနိုက်ပါနဲ့သွားပစ်တော့ သူတို့ဘက်ကလည်း ၄၀ မမနဲ့တချက်ပဲ ပြန်ပစ်တယ်။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

စနိုက်ပါနဲ့ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးသွားပြီး ဖြူးဘက်ကလာတဲ့ စစ်ကောင်စီအဖွဲ့တွေလည်း ကား၊ ဆိုင်ကယ်တွေနဲ့ ဖြူးဘက်ကို ပြန်ထွက်သွားတယ်လို့ဆိုပါတယ်။

ဖြူးမြို့နယ် အုတ်ဖြတ်တံတားမှာ မကြာခဏ စနိုက်ပါနဲ့အပစ်ခံရလို့ ဇူလိုင်လအတွင်းမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် တံတားလုံခြုံရေးအစောင့် ၃ ဦးသေဆုံးခဲ့ပါသေးတယ်။ 

ဒါ့အပြင် ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာ၊ RPG စမ်းသပ်တဲ့အနေနဲ့ လာရောက်ပစ်ခတ်တာ၊ တိုက်ပွဲဖြစ်ပွားတာတွေကြောင့် အဲဒီအုတ်ဖြတ်တံတားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးထားပါတယ်။

ဇူလိုင် ၈ ရက်ကလည်း အုတ်ဖြတ်တံတား လုံခြုံရေးယူပေးဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ အုတ်ဖြတ်ရဲစခန်းတွင်းမှာ ရှိနေချိန် ဒရုန်းအသုံးပြုပြီး ၆၀ မမ ဗုံးသီး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ပါသေး တယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ဖြူးမြို့နယ် #အုတ်ဖြတ်ကျေးရွာ #အုတ်ဖြတ်တံတား #စနိုက်ဘာ #သတင်း #စစ်ကောင်စီ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10