ဖြေရှင်းရခက်တဲ့ အလွတ်တန်းချန်ပီယံပြဿနာကြားက ပွဲကောင်းတပွဲ

ဖြေရှင်းရခက်တဲ့ အလွတ်တန်းချန်ပီယံပြဿနာကြားက ပွဲကောင်းတပွဲ

ရေးသားသူ - ထို့တပတ်

"ရိုးရာလက်ဝှေ့ပွဲ...ရိုးရာလက်ဝှေ့ပွဲ" ဆိုတဲ့ အသံတွေထက် ‘ONE ပွဲ’ ဆိုတဲ့ အသံတွေ ကျယ်လောင်နေချိန် ပွဲကျဲပါးလွန်းတဲ့ ပြည်တွင်းရပ်ဝန်းမှာ ရိုးရာလက်ဝှေ့ပွဲကြီးတပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ မိုးထဲလေထဲ အထီးကျန်နေတဲ့ ကန်တော်ကြီးပတ်လမ်းနားက သိမ်ဖြူရုံကို စက်တင်ဘာ ၂၂ ရက်မှာ အသက်သွင်းပေးမှာက မုဒုံသားလက်ဝှေ့ကျော် ထွန်းထွန်းမင်းနဲ့ မွန်၊ ကရင်တကြောပါမကျန် မြန်မာပြည်တဝှမ်း အစွယ်ချွန် နယ်ကျွံပြထားတဲ့ မန္တလေးသားလူငယ် ကျော်စွာဝင်းတို့ရဲ့ ‘မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီယံစိန်ခေါ်ပွဲ’ ပါ။

အတိတ်က ရိုးရာလက်ဝှေ့လောကထဲ ကနေဒါဖိုက်တာတယောက် လည်ကတုံးရှပ်နဲ့ ပုဆိုးတွဲ ဝတ်ပြီး လက်ခ မောင်းခတ် ရောက်လာကတည်းက အငြင်းပွားစရာဖြစ်ခဲ့တဲ့ အလွတ်တန်းချန်ပီယံဘွဲ့ ဆိုတဲ့အချက်ကလည်း လာမယ့်တနင်္ဂနွေနေ့၊ မွန်းလွဲ ၂ နာရီမှာစမယ့် အခုပွဲကို ပရိသတ်ပိုစိတ်ဝင်စားလာဖို့ မီးမောင်းထိုးပေးနေပါတယ်။ 

ဒီနေရာမှာ စကားမစပ်ပြောရရင် အလွတ်တန်းချန်ပီယံဘွဲ့နဲ့ ပတ်သက်လို့ သိရသလောက် ထွန်းထွန်းမင်းက စောငမန်းကို အနိုင်ရပြီး အလွတ်တန်းချန်ပီယံအဖြစ် ပရိသတ်က ဒြပ်မဲ့အနေအထား (ခါးပတ်မရှိ) လက်ခံခဲ့ကြတာပါ။ 

ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ပွဲကျင်းပတဲ့အဖွဲ့အစည်းတွေ အသီးသီးထပ်တိုးလာပြီး အဖွဲ့အစည်းအလိုက် ဝိတ်တန်းအလိုက် ချန်ပီယံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒြပ်မဲ့အနေအထားနဲ့ အငြင်းပွားဖွယ်မရှိ ပရိသတ်လက်ခံတဲ့ မြန်မာပြည် အလွတ်တန်းချန်ပီယံဘွဲ့နဲ့ပတ်သက်လို့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က အဲဒီအချိန်မှာ တိကျတဲ့ သတ်မှတ်ချက်တွေ စီစဉ်ဆောင် ရွက်တာမျိုးမရှိခဲ့လို့ အခုအချိန်အထိ ဒီပြဿနာက မပြီးပြတ်သေးဘဲ အငြင်းပွားနေကြရတာပါ။

 

                                                                           

ပုံစာ - မြန်မာ့လက်ဝှေ့မှတ်တမ်းပြုစုသည့် နိုင်ငံခြားသားတဦးက အလွတ်တန်းချန်ပီယံအငြင်းပွားမှုကြောင့် အလွတ်တန်းချန်ပီယံမှတ်တမ်းကို ပုံစံ ၂ မျိုး ပြုလုပ်ထားရပုံ (Photo and Design: LW Mark)   

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ရဲ့ စွမ်းဆောင်မှုကြောင့် ရှုပ်ထွေးပွေလီပြီး အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဖြစ်နေတဲ့ မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲ့အကြောင်း ဆွေးနွေးရရင် ဘယ်တော့မှ ပြီးမယ်မသိနိုင်တာကြောင့် ဒီလောက်နဲ့ပဲ ထားလိုက်ပြီး အခုပွဲမှာ နိုင်မယ့်ဖိုက်တာက ပွဲကျင်းပတဲ့ အဖွဲ့အစည်းရဲ့ ‘မြန်မာ့ရိုးရာလက်ဝှေ့အလွတ်တန်းချန်ပီယံ’ ဖြစ်လာမယ်လို့ပဲ သတ်မှတ်ထားလိုက်တာ ကောင်းပါလိမ့်မယ်။

ထွန်းထွန်းမင်းနဲ့ ကျော်စွာဝင်း ပထမဆုံးတွေ့ကြမယ့်ပွဲကို ပွဲစီစဉ်တဲ့အဖွဲ့အစည်းက ပုံမှန် ၅ ချီထက် ၂ ချီထပ်တိုးပြီး ၇ ချီပွဲအဖြစ် သတ်မှတ်ထားပါတယ်။ အလဲမထိုးနိုင်ရင် သရေသတ်မှတ်မယ့် ဒီပွဲမှာ ဖိုက်တာတယောက်ကို နောက်ဆုံးအချီ မတိုင်ခင်အထိ ၂ မိနစ်အနားတောင်းခွင့် တကြိမ်စီရမှာပါ။

နည်းစနစ်ပိုင်းထက် ခွန်အားကို အားပြုကစားတတ်တဲ့ မုဒုံ၊ ဖနုံရွာဇာတိ ထွန်းထွန်းမင်းနဲ့ ပြည်တွင်းဖိုက်တာတွေ ရင်ဆိုင်မှုမှာ ထူးခြားချက်တခုရှိပါတယ်။ ထွန်းထွန်းမင်းက ၂၀၁၄ မှာ စောငမန်းကို အလဲထိုးနိုင်လို့ မြန်မာပြည်အလွတ်တန်းချန်ပီယံအဖြစ် လက်ဝှေ့ရပ်ဝန်းက အသိအမှတ်ပြုခံခဲ့ရပြီး အဲဒီပွဲနောက်ပိုင်း ပြည်တွင်းပြိုင်ဘက်အဖြစ် စောဂေါ်မူဒို၊ ရွှေရာမာဉ်၊ သွေးသစ်ဝင်းလှိုင်တို့ ၃ ဦး နဲ့သာ ထိုးသတ်ခဲ့ရပါတယ်။ 

ဒီအချက်က ရိုးရာလက်ဝှေ့လောကရဲ့ အကြီးတန်း ဒါမှမဟုတ် အလွတ်တန်းလို့ အမှတ်သညာပြုတဲ့ အဆင့်မှာ ကစားသမားရှားပါးလာခြင်းကို ပေါ်လွင်စေတဲ့အချက်ပါပဲ။ အဲဒီဖိုက်တာတွေနဲ့ ထွန်းထွန်းမင်းရင်ဆိုင်ခဲ့တဲ့ ရလဒ်ကတော့ စောဂေါ်မူဒိုကို အလဲထိုးအနိုင်၊ ရွှေရာမာဉ်နဲ့ သရေကျပြီး သွေးသစ်ဝင်းလှိုင်ကို အမှတ်နဲ့တပွဲရှုံး၊ တပွဲသ‌ရေကျထားပါတယ်။ 

စောဂေါ်မူဒိုကို နိုင်ခဲ့တာ ၂၀၁၆ ဇန်နဝါရီတုန်းကဖြစ်လို့ မြန်မာဖိုက်တာချင်းတွေ့ရင် ထွန်းထွန်းမင်း အနိုင်မရခဲ့တာ ၈ နှစ်ကျော် ပြီလို့လည်း ပြောနိုင်ပါတယ်။

ဒါပေမဲ့ တဖက်ကပြန်ကြည့်ရင်လည်း အဲဒီကာလအတွင်း ထွန်းထွန်းမင်းက သူရင်ဆိုင်ခဲ့တဲ့ ပြည်ပ ဖိုက်တာတွေနဲ့ ပွဲ ၃၀ နီးပါးမှာ အမေရိကန်ဖိုက်တာ ဆိုင်းရပ်စ်ဝါရှင်တန်နဲ့ ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်ဒု တို့ကိုသာ ရှုံးပြီး ကျန်တဲ့ပွဲတွေမှာ အနိုင်နဲ့ သရေရလဒ်တွေ ရခဲ့တာက သူ့စွမ်းဆောင်ရည် အပေါ်အထင်ကြီးစရာပါ။ 

အသက် ၂၂ နှစ်အရွယ်နဲ့ မြန်မာပြည်အလွတ်တန်းချန်ပီယံဘွဲ့ခံနိုင်လို့ အသက်အငယ်ဆုံးအလွတ်တန်း ချန်ပီယံအဖြစ် စံချိန်တင်ထားတဲ့ ထွန်းထွန်းမင်းက နောက်ဆုံးထိုးထားတဲ့ ရိုးရာလက်ဝှေ့ပွဲမှာ သွေးသစ်ဝင်းလှိုင်နဲ့ သရေကျထားပါတယ်။

ထွန်းထွန်းမင်းက အဲဒီပွဲမှာ အရင်ပွဲတွေကလို ပထမအချီစတာနဲ့ ပွဲဖြတ်ဖို့ ဝါးရုံပင် ကျွဲခတ်သလို တိုက်စစ်မဖွင့်ဘဲ ၅ ချီအပြည့်ကစားဖို့  နည်းဗျူဟာချပြီး ရင်ဆိုင်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ပထမအကြိမ် ဆုံတုန်းက အမှတ်နဲ့ ရှုံးခဲ့တဲ့ ထွန်းထွန်းမင်းက ပထမပွဲအမှားတွေ ပြန်မကြုံအောင် အကောင်းဆုံးပြင်ဆင်ခဲ့တာကြောင့် သရေရလဒ်ထွက်ခဲ့ပါတယ်။ 

အမောမလုံတဲ့တချက်ကတော့ ၇ ချီကစားရမယ့် ကျော်စွာဝင်းနဲ့ပွဲမှာ ထွန်းထွန်းမင်းအတွက် အခက်အခဲဖြစ်လာနိုင်ပါတယ်။

အထက်မြန်မာပြည်မြို့တော် မန္တလေး၊ စိန်ပန်းရပ်က လူငယ်ဖိုက်တာကျော်စွာဝင်းဟာ ငယ်စဉ် ကတည်းက ဖခင်ဖြစ်တဲ့ ရိုးရာလက်ဝှေ့သမားဟောင်း ဦးမိုးလေးရဲ့ ရင်အုပ်မကွာသင်ကြားလေ့ကျင့်ပေးမှု၊ အထက်မြန်မာပြည်ချန်ပီယံလို့ ညွှန်းဆိုကြတဲ့ ကွယ်လွန်သူ မန္တလေးအောင်အောင်ထွန်းတို့ရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ ကရင်ပြည်နယ်ကြိုးဝိုင်းတွေမှာ ပွဲထိုးအတွေ့အကြုံယူရင်း ကျော်ကြားလာသူပါ။ 

ပွဲပေါင်း ၉၀ ကျော်မှတ်တမ်းမှာ ရှုံးပွဲလုံးဝမရှိတဲ့ ကျော်စွာဝင်းက M2K ကလပ်မှာ လက်ရှိကစားနေပြီး ဒီပွဲပြီးရင် ပြည်ပပွဲတွေဘက် ခြေဆန့်တော့မယ့်ဖိုက်တာလို့ သတင်းကြီးနေပါတယ်။ လက်ဝှေ့အခြေခံ ကျွမ်းကျင်ပိုင်နိုင်တဲ့ဖိုက်တာတွေပေါများပေမယ့် အခုအချိန်အထိ မြန်မာပြည် ချန်ပီယံဖြစ်သူ မရှိသေးတဲ့ အထက်မြန်မာပြည် မန္တလေးရိုးရာလက်ဝှေ့လောကအတွက်တော့ ကျော်စွာဝင်းက မျှော်လင့်ချက်အသစ်ပါ။

ကျော်စွာဝင်းရဲ့ ဖိုက်တာဘဝထူးခြားချက်ကတော့ သူဟာ ပြိုင်ပွဲပုံစံအရ တဆင့်ချင်းကစားရတဲ့ ခါးပတ်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ခြင်းသိပ်မရှိဘဲ စိန်ခေါ်ပွဲတွေနဲ့အတူ ထင်ရှားလာတဲ့အချက်ပါ။ 

သတိထားမိသလောက် ကျော်စွာဝင်းဟာ တိုင်းနဲ့ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ တကြိမ်ပဲ ပြိုင်ပွဲပုံစံ ကစားရတဲ့ လက်ဝှေ့ပွဲမှာပါဝင်ဖူးထားတာပါ။ ဖခင်ဖြစ်သူ ဦးမိုးလေးကလည်း ကျော်စွာဝင်းကို လက်ရှိအခြေအနေအထိ အောင်မြင်လာဖို့  သေချာအကွက်ကျကျ ပွဲစီစဉ်လက်ခံခဲ့တာလည်း သတိထားမိပါတယ်။

ပွဲကြမ်းပွဲကောင်းပေါင်းများစွာနွှဲပြီး နည်းစနစ်ပိုင်းနဲ့ မာဂုဏ်မြင့်တဲ့ ကျော်စွာဝင်းက ဒုတိယတန်းအဆင့်မှာ ရိုးရာလက်ဝှေ့ပြိုင်ဘက်ကောင်းများစွာကို ကျော်လွှားခဲ့ပါတယ်။ ၂၀၂၀ နောက်ပိုင်းမှာတော့ ပထမတန်းလို့ခေါ်ကြတဲ့ ဝိတ်ကြီးတန်းကိုတက်ဖို့ ခန္ဓာကိုယ်ကြွက်သားထုထည်တင်ခဲ့တဲ့ မန္တလေး ဖိုက်တာဟာ သွေးသစ်ဝင်းလှိုင်လို ရိုးရာလက်ဝှေ့ထိပ်သီးဖိုက်တာနဲ့လည်း ရင်ဆိုင်သရေကျထားပါ တယ်။ 

စိုးလင်းဦးနဲ့ ပွဲဖြစ်ဖို့ရှိ‌ခဲ့ပေမယ့် စိုးလင်းဦးခါးဒဏ်ရာရပြီး ပွဲပျက်ခဲ့ပါတယ်။ ကျော်စွာဝင်း နောက်ဆုံး ထိုးသတ်ခဲ့တဲ့ ရိုးရာလက်ဝှေ့ပွဲကတော့ အခုနှစ် ဇူလိုင်လက အမေရိကန်ဖိုက်တာ ဘရတ်ပတ်စ်တိုရီနဲ့ ပွဲပါ။

ဝိတ်တင်လာပြီးနောက်ပိုင်း လျင်မြန်မှုလျော့သွားတဲ့ ကျော်စွာဝင်းက နောက်ဆုံးပွဲမှာ ပြိုင်ဘက်ကို ဖိအားပေးပြီး အနိုင်ယူဖို့ကြိုးစားပေမယ့် ဝိတ်အတင်အချပိုင်းအားသာတဲ့ အနောက်တိုင်းသားတွေ ထုံးစံကြောင့် ကျော်စွာဝင်းဟာ လူကောင်ကွာတဲ့ တိုက်ဂါးမွေထိုင်းကလပ်က ဖိုက်တာကို ခွန်အားချင်းကွာလို့ အလဲမထိုးနိုင်ဘဲ သရေကျခဲ့ပါတယ်။

နောက်ဆုံးပွဲတွေအနေအထားအရ မြန်မာဖိုက်တာနှစ်ယောက်ဆုံမယ့်ပွဲမှာ ကျော်စွာဝင်းရဲ့ မနား တမ်းတိုက်စစ်ကို ထွန်းထွန်းမင်းရဲ့အမောမလုံမှုက ဒူးထောက်ပေးရနိုင်ပေမယ့် ကျော်စွာဝင်းဘက်ကလည်း ခွန်အားအဓိကထားတဲ့ ထွန်းထွန်းမင်းကြောင့် မတော်ချီထိပြီး လဲမသွားဖို့ ဂရုစိုက်ရပါလိမ့်မယ်။

မာဂုဏ်၊ လျင်မြန်မှုနဲ့ အမောခံနိုင်မှုတွေမှာတော့ အသက်ပိုငယ်တဲ့ ကျော်စွာဝင်းက ထွန်းထွန်းမင်းထက် ပိုသာမှာ သေချာပါတယ်။ အသက်အရွယ်ကွာပေမယ့် ကြိုးဝိုင်းသမ္ဘာအရမ်းမကွာဘူးလို့  ပြောလို့ရတဲ့ ဖနုံသားနဲ့ မန္တလေးသားတို့ပွဲမှာ အထက်မြန်မာပြည်အတွက်လိုအပ်နေတဲ့ ချန်ပီယံဘွဲ့ကို ကျော်စွာဝင်း အရယူပြီး ဇာတိမြေကို ဂုဏ်တက်စေဖို့ စွမ်းဆောင်သွားနိုင်မယ့်ပွဲ ဖြစ်ပါလိမ့်မယ်။

#မြေလတ်အသံ

#ထွန်းထွန်းမင်း #ကျော်စွာဝင်း #ရိုးရာလက်ဝှေ့ #မြန်မာ့လက်ဝှေ့ #လက်ဝှေ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10