ဗကသရဲဘော်သတ်ဖြတ်ခံရမှု ကျူးလွန်ကြောင်းဝန်ခံထားသူတဦးကို တရားစွဲဆိုနိုင်ရေးလုပ်ဆောင်နေ

ဗကသရဲဘော်သတ်ဖြတ်ခံရမှု ကျူးလွန်ကြောင်းဝန်ခံထားသူတဦးကို တရားစွဲဆိုနိုင်ရေးလုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးရွာက ဗကသရဲဘော် ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှုမှာ ကျူးလွန်ကြောင်းဝန်ခံထားသူ ရွာသားတဦးကို တရားရုံးတင်နိုင်ရေး ဆောင်ရွက်နေတယ်လို့ မြို့နယ်ပလဖထံက သိရပါတယ်။

ဇူလိုင် ဒုတိယပတ်ကစတင်ကာ လူသတ်မှုမှာသံသယရှိသူ ၄ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဇူလိုင် ၂၉ ရက် မှာ ဖမ်းဆီးစစ်ဆေးနေသူတွေအနက်က အသက် ၂၄ နှစ်အရွယ် စိုင်နိုင်ကြီးရွာသားတဦးက လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံလာတယ်လို့ ဆိုပါတယ်။

“အရက်မူးပြီး ထမင်းစားနေချိန် ကလေး(အသတ်ခံရသူ)က ဆိုင်ကယ်နဲ့ ထွက်လာပြီးတော့ ရပ်ကွက်ကို အော်ပြီး စိန်ခေါ်သွားတာလို့ပြောတယ်။ အဲ့မှာ သူက မူးမူးနဲ့နောက်ကနေ ဓားယူပြီး လိုက်သွားပြီးတော့ ဖုန်းသုံးနေချိန် ဘယ်ဘက်ကနေပတ်ပြီး ဓားနဲ့ ခုတ်လိုက်တာ။ ကလေးက တိမ်း(ရှောင်)လိုက်တဲ့အခါကျ နဖူးကိုအရင်ခုတ်မိသွားတာ။ အသုံးပြုခဲ့တဲ့ ဓားလည်း အပ်ပေးတယ်” လို့ ဝက်လက်မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှူးက မြေလတ်အသံကို ပြောပါတယ်။

ကိုမြင့်မြတ်ဦးဟာ ပြီးခဲ့တဲ့လ ဇူလိုင် ၈ ရက် ညပိုင်းက အင်တာနက်သွားသုံးပြီးအပြန် ရွာအပြင်သုဿန်အနီးမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ညာဘက်ဂျိုစောင်းပြတ်ရှဒဏ်ရာ၊ ညာဘက်လက်မောင်း ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။

အခင်းဖြစ်ပွားစဥ် ဓားနဲ့သံချွန် ၂ ခုကို အသုံးပြုခဲ့တယ်လို့ထွက်ဆိုပေမယ့် ဓားကိုသာ သက်သေခံပစ္စည်းအဖြစ်သိမ်းဆည်းနိုင်ခဲ့ပြီး သံချွန်ကိုအခင်းဖြစ်နေရာအနီးလယ်ကွင်းထဲကို လွှင့်ပစ်ခဲ့တယ်ဆိုတာကြောင့် လိုက်လံရှာဖွေပေမယ့် လယ်ရေသွင်းထားတဲ့အတွက် ရှာမရတော့ဘူးလို့ စခန်းမှူးကဆိုပါတယ်။

ဒါ့အပြင် သတ်ဖြတ်ပြီးနောက် သေဆုံးသူရဲ့ လက်ကိုင်ဖုန်းကိုယူဆောင်ကာ ဖွက်ထားတယ်လို့ထွက်ဆိုတဲ့အတွက် ဖွက်ထားတဲ့ ဘုရားအနီးပတ်ဝန်းကျင်မှာ သွားရောက်ရှာဖွေပေမယ့် မတွေ့ခဲ့ဘူးလို့ သိရပါတယ်။

မြို့နယ်ပလဖတာဝန်ခံကတော့ အဆိုပါလူသတ်မှုမှာ ၎င်းရွာသားအပြင် ကြံရာပါတွေရှိနေနိုင်သေးတဲ့အတွက် ဆက်လက်စစ်ဆေးသွားဖို့လည်း လုပ်ဆောင်ဖို့ရှိတယ်လို့ ဆိုပါတယ်။

“ သူတယောက်တည်းပဲလို့ ဝန်ခံတာပေါ့။ ကျနော်တို့ကောက်ချက်ချတာတော့ တယောက်တည်းမဖြစ်နိုင်ဘူးပေါ့။ ဘာပဲပြောပြော အမှုမှန်ပေါ်ပြီး သူ့တယောက်ကတော့ ရုံးတင်နိုင်သွားပြီပေါ့လေ။ သူ့(ဝန်ခံထားသူ) အမေကလည်း ဒီလောက် ဒဏ်ရာဒဏ်ချက်တွေအများကြီးနဲ့ သားတယောက်တည်း မဟုတ်ဘူးမို့လားမေးပေမယ့် သူတယောက်တည်းလုပ်တာပါလို့ ဝန်ခံတယ်” လို့ ၎င်းက ပြောပါတယ်။

ကျေးရွာသားတွေကတော့ သေဆုံးသူရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကိုကြည့်ပြီး တရားခံက တယောက်ထက် ပိုနိုင်တယ်လို့ ဝေဖန်သံတွေလည်း ထွက်နေကြပါတယ်။

“ ဦးဆုံးကတော့ သုံးယောက်လောက် ထွက်လာတယ်။ နောက်ပိုင်းကျ တယောက်တည်းဖြစ်သွားတာ။ သူတို့က တယောက်နဲ့တင် ပြီးတော့မယ့် ပုံစံဖြစ်နေတာ။ ရွာသူ၊ ရွာသားတွေကလည်း Dead Bodyကို ကြည့်ပြီးတော့ တယောက်တည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာကတော့  ဝေဖန်သုံးသပ်ကြတယ်” လို့ စိုင်နိုင်ကြီးရွာသားတဦးက ပြောပါတယ်။

စိုင်နိုင်ကြီးရွာမှာတော့ လူသတ်မှုဖြစ်ပြီး တလနီးပါးကြာတဲ့ထိ တရားခံသေချာမပေါ်ပေါက်သေးလို့ ကျေးရွာသားတွေအနေနဲ့ လုံခြုံမှုမရှိသလို ခံစားနေကြရပြီး နေထိုင်သွားလာရတာ အဆင်မပြေတဲ့အတွက် အမှုမှန်အမြန်ပေါ်ပေါက်စေချင်တယ်လို့ နောက်ထပ်ရွာခံတဦးက ဆိုပါတယ်။

“ဖြစ်ဖြစ်ချင်းကဆို နေဝင်မှာကို ကြောက်နေတာပဲ။ ဘယ်မှကို မသွားရဲ၊ မလာရဲကြတော့ဘူး။ ခုချိန်ထိလည်း မပေါ်သေးတော့ စိတ်ကတော့ လုံခြုံမှုမရှိဘူးပေါ့။ နောက်လူက ဘယ်သူဆိုတာလည်း မသိသေးဘူး။ အဲ့တော့ ဘယ်သူနေနေ လုံခြုံမှုကမရှိတော့ လန့်နေရတယ်” လို့ သူက ပြောပါတယ်။

ဗကသများအဖွဲ့ချုပ်ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးကတော့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထဲရေးဝန်ကြီးဌာနကို ဩဂုတ် ၁ ရက်က တရားဝင်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ထူးခြားတာမရှိသေးကြောင်း အကြောင်းပြန်စာ လက်ခံရရှိထားတယ်လို့ ပြောပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဝက်လက် #စိုင်နိုင်ကြီး #ဗကသရဲဘော် #လူသတ်မှု #တရားခံ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10