ဗကသရဲဘော်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအမြန်ဆုံးဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ NUG ပြော

ဗကသရဲဘော်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအမြန်ဆုံးဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ NUG ပြော

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးရွာက ဗကသရဲဘော် ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး လူသတ်တရားခံကို အမြန်ဆုံးဖမ်းမိနိုင်ဖို့ကြိုးစားနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဇူလိုင် ၁၃  ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

ကိုမြင့်မြတ်ဦး သတ်ဖြတ်ခံရမှုအတွက် ဇူလိုင် ၁၁ ရက်မှာ မိသားစုဝင်တွေက ဝက်လက်မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့(ပလဖ)စခန်းကို သွားရောက်တိုင်ကြားထားပြီး ပလဖအနေနဲ့လည်း အဆိုပါအမှုအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ နဲ့ အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်မှုတွေလုပ်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

“အမှုကတော့ ဂူသွင်းပြီး နောက်တရက် သွားဖွင့်တာပဲ။ သူတို့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သိပ်မသိရသေးဘူး။ မနက်ဖြန်မှ ကလေးက ၇ ရက်ပြည့်(ရက်လည်)မှာဆိုတော့ ခုက အိမ်ထဲကအိမ်ပြင်မထွက်နိုင်သေးတော့ ဘယ်မှမသွားရ၊ ဘာမှမသိရသေးဘူး”လို့ ကိုမြင့်မြတ်ဦးရဲ့ဖခင်ဖြစ်သူက မြေလတ်အသံကို ပြောပါတယ်။

ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ရဲဘော် ကိုမြင့်မြတ်ဦးဟာ ဇူလိုင် ၈ ရက် ညပိုင်းက ရွာအပြင်သုဿန်အနီးမှာ အင်တာနက်သွားသုံးပြီးအပြန် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာ၊ ညာဘက် ဂျိုစောင်းပြတ်ရှဒဏ်ရာ၊ ညာဘက်လက်မောင်း ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာပါ။

“တာဝန်ရှိတဲ့သူတွေနဲ့ မြေပြင်မှာ စစ်ဆေးနေဆဲပဲ ရှိသေးတယ်။  လက်ရှိ အသံထွက်တဲ့ တရားခံတွေပေါ့နော် ခုမှ စစ်ဆေးနေဆဲပဲရှိသေးတယ်။ ရဲမှူးတို့ စခန်းမှူးတို့ ဆက်လက်ဆောင်ရွက်ပြီး စစ်နေပါတယ်”လို့ ဝက်လက်မြို့နယ် ပလဖတာဝန်ရှိသူတဦးက ပြောပါတယ်။

ဝက်လက်ပလဖအဖွဲ့က အမှုဖွင့်ထားတဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ ထောင်ဒဏ် ၁၀ နှစ်ကနေ တသက် တကျွန်းအထိ ပြစ်ဒဏ်ချမှတ်လို့ရပြီး ရာဇသတ်ကြီး ပုဒ်မ ၃၉၂ လုယက်မှု၊ ဓားပြမှုကတော့ ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၄ နှစ်ထိ ချမှတ်နိုင်တာခံရနိုင်တယ်လို့ CDM ရှေ့နေအသိုင်းအဝိုင်းထံက သိရပါတယ်။

ဗကသများအဖွဲ့ချုပ်ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးကလည်း စိုင်နိုင်ကြီးကျေးရွာ လူသတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၄ ဦးကို စစ်ဆေးနေတယ်လို့ကြားသိရကာ အခြေအနေအသေးစိတ်ကတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကတော့ ရဲဘော် မြင့်မြတ်ဦး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တရားခံအမြန်ဆုံးဖမ်းဆီးအရေး ယူနိုင်ရေးအတွက် အဖွဲ့အစည်းတွေ၊ ပြည်သူတွေအနေနဲ့ ပူးပေါင်းပေးဖို့ မေတ္တာရပ်ခံတယ်လို့ ထုတ်ပြန်ထားပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ဝက်လက် #ဗကသရဲဘော် #သတ်ဖြတ်ခံရမှု #NUG #ပလဖ #လူသတ်မှု #သတင်းတို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10