ဗန်းမောက်က တိမ်းရှောင်သွားတဲ့မြို့ခံတွေကို SNAနဲ့ စစ်ကောင်စီက လူသစ်မစုတော့ကြောင်း စာထုတ်ပြီး ပြန်ခေါ်

ဗန်းမောက်က တိမ်းရှောင်သွားတဲ့မြို့ခံတွေကို SNAနဲ့ စစ်ကောင်စီက လူသစ်မစုတော့ကြောင်း စာထုတ်ပြီး ပြန်ခေါ်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ရှမ်းနီအမျိုးသားများတပ်-SNA က အဓမ္မစစ်သားစုဆောင်းနေလို့ ပြည်သူအများစု မြို့ကနေထွက်ပြေးတိမ်းရှောင်သွားကြပြီးနောက် SNA နဲ့စစ်ကောင်စီက လူသစ်မစုတော့ကြောင်း စာထုတ်ပြန်ပြီး ပြည်သူတွေနေရပ်ပြန်လာဖို့ ခေါ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၄ ရက်ကစတင်ကာ စစ်ကောင်စီလက်အောက်ခံ ဗန်းမောက်မြို့စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့ပေါ်မှာရှိတဲ့ ဓာတ်တိုင်တွေနဲ့ ဈေးဆိုင်တွေမှာ ပြည်သူတွေနေရပ်ပြန်လာကြဖို့ အသိပေးစာတွေ လိုက်ကပ်နေတယ်လို့ ဆိုပါတယ်။

ထုတ်ပြန်စာထဲမှာ ဗန်းမောက်မြို့ထဲကို ယခင်ကလို လွတ်လပ်စွာသွားလာလို့ရပြီး လူငယ်တွေကို ဥပဒေမဲ့ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာ၊ အဓမ္မလူသစ်စုဆောင်းတာ၊ ခြိမ်းခြောက်ဖမ်းဆီးတာတွေ လုပ်မှာမဟုတ်သလို အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ မဟုတ်မမှန်သတင်းတွေကို မယုံကြည်ကြဖို့၊ မြို့အေးချမ်းသာယာလုံခြုံရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုကာ ရေးသားထားတယ်လို့ သိရပါတယ်။

“သူတို့က ပေါ်တာတွေ လိုက်ဆွဲတော့လေနော့်၊ သူတို့ဘက်ပါတဲ့ဟာတွေ၊ သူတို့ကို ထောက်ခံတဲ့ဟာတွေပါ အကုန်ထွက်ပြေးကြတာ။ ထွက်ပြေးကြတော့ အဲ့လိုစာကပ်ပြီး ပြန်ခေါ်နေရတယ်။”လို့ အသက် ၂၅နှစ်အရွယ် ဗန်းမောက်မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က မြနန္ဒာ၊ အောင်သာကုန်း၊ လွှဇင်ကုန်း၊ ပုဇွန်တောင်၊ မြို့မ စတဲ့မြို့ပေါ်ရပ်ကွက် ၅ ခုမှာ အသက် ၁၈ နှစ်ကနေ ၄၀ ကြားရှိတဲ့ အမျိုးသားတွေကို ၁ ရပ်ကွက် ၃၀ ဦးနှုန်း တောင်းခံခဲ့ပြီး တိမ်းရှောင်ချိန်မရလိုက်တဲ့ လွှဇင်ကုန်းရပ်ကွက်က အမျိုးသား  ၃၀ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဗန်းမောက်မြို့နယ်အတွင်းက SNA တပ်ဖွဲ့စခန်းတွေကို ခေါ်ဆောင်သွားခံရပြီး ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ ၁၄ ရက်မှာလည်း ဗန်းမောက်မြို့အနောက်မြောက်ပိုင်းက လူဦးရေ ၉၀၀ ခန့်ရှိ နောင်မဲ့လုံရွာကို SNA တပ်တွေရောက်လာကာ တပ်သားသစ်အတွက် အမျိုးသား ၅၀ ဦး တောင်းခံမှုအပေါ်  ကျေးရွာကငြင်းဆန်ခဲ့တာကြောင့် ရွာလုံးကျွတ်ဖမ်းဆီးမယ်ဆိုကာ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

“ မင်းတို့ ဒီရွာက ၅၀ ပေးရမယ်ဆိုပြီး လာတောင်းတာ၊ လာတောင်းတော့ ရွာသားတွေ အားလုံးက လက်မခံဘူး။ လက်မခံဘဲနဲ့ ခေါ်ချင်ရင် တရွာလုံးခေါ်သွားလို့ ပြောလိုက်တာ။ အဲ့ဒါဆိုလည်း ရတယ်လေဆိုပြီး ထွက်သွားပြီးတော့ ၁၅ ရက်နေ့ ကား ၃စီးနဲ့ ရောက်ချလာပြီးတော့ ငါတို့တရွာလုံးခေါ်မယ်ဆိုပြီး သေနတ်တွေနဲ့ ခြိမ်းခြောက်ပြီးတော့ ခေါ်တာ။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

အဲ့ဒီလို ဖမ်းဆီးခေါ်ဆောင်နေချိန် ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် SNA တပ်ဘက်က ၁ ဦးထိခိုက်ကာ ၁ ဦးသေဆုံးခဲ့ပြီး ပြည်သူ ၁ ဦးလည်း မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီးနောက် SNAတပ်တွေကတော့ စစ်သားစုဆောင်းတာမလုပ်တော့ဘဲ ပြန်ဆုတ်သွားတာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ရွာသားတွေမရှိခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

အဆိုပါ အဓမ္မစစ်သားစုဆောင်းတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော်-SNAကို မြေလတ်အသံက ဆက်သွယ်မေးမြန်းနိုင်ရေး ကြိုးစားခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။

လက်ရှိ ဗန်းမောက်မြို့အနီးက ကံရွာနဲ့ စက်တောရွာမှာလည်း SNA ရဲ့အဓမ္မစစ်သားစုဆောင်းခံနေရပြီး မြို့ပေါ်နဲ့ မြို့အနောက်ခြမ်းမှာ SNAနဲ့ စစ်ကောင်စီတပ်တွေ စိုးမိုးထားကာ မြို့မြောက်ခြမ်းနဲ့တောင်ခြမ်းမှာတော့ ကာကွယ်ရေးတပ်တွေက နယ်မြေစိုးမိုးမှုယူထားတာလို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဗန်းမောက် #SNA #စစ်တပ် #အဓမ္မလူသစ်စု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10