ဗန်းမော်ကိုဆန်တက်နေတဲ့ စစ်တပ်သင်္ဘောတွေက ပစ်ခတ်လို့ ဒေသခံ ၁ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

ဗန်းမော်ကိုဆန်တက်နေတဲ့ စစ်တပ်သင်္ဘောတွေက ပစ်ခတ်လို့ ဒေသခံ ၁ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

မန္တလေးကနေ ဗန်းမော်ကို ဆန်တက်နေတဲ့ စစ်ကောင်စီသင်္ဘောတွေဟာ ထီးချိုင့်မြို့နယ်၊ မြတောင်ဆိပ်ကမ်းကနေ စက်တင်ဘာ ၁၅ ရက် ဒီနေ့မနက်ပိုင်းမှာ ဆက်လက်ဆန်တက်ခဲ့ရာမှာ မြစ်ကမ်းအနီးက ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတဦးဒဏ်ရာရခဲ့ပြီး နေအိမ်တွေပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

မြတောင်ကျေးရွာဆိပ်ကမ်းကို စက်တင်ဘာ ၁၃ ရက်က ဆိုက်ရောက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေဟာ ဒီနေ့မနက် ၆နာရီလောက်မှာ ဆက်လက်ဆန်တက်ခဲ့ရာ မနက် ၈ နာရီ ဟင်္သာကြီးစုကျေးရွာနဲ့ ကျောက်မှော် ကျေးရွာအနားအရောက်မှာ သင်္ဘောတွေကို အရှိန်လျော့ပြီး ၁၂၀ မမ၊ ၆၀ မမ၊ စက်လက်တွေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ 

စစ်သင်္ဘောတွေပေါ်က ပစ်ခတ်မှုကြောင့် ဟင်္သာကြီးစုကျေးရွာက နွား ၈ ကောင်နဲ့ ဝက် ၃ ကောင်သေဆုံးခဲ့ပြီး နေအိမ်တွေ အများအပြားပျက်စီးခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဟင်္သာကြီးစုရွာနဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ ဧရာဝတီမြစ်ရဲ့အနောက်ဘက် ကျောက်မှော်ကျေးရွာက ဒေသခံတဦးလည်း လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပြီး သူနဲ့ပက်သက်တဲ့အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။

"သူတို့က တနာရီလောက် မရပ်မနားပစ်နေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ဝင်ပစ်လိုက်ကြသေးတယ်။ ကိုယ့်ဘက်ကပစ်တာ စစ်သင်္ဘောတွေ အဲ့လောက်မနာပါဘူး။ သူတို့ဘက်က တရစပ်ကို ပစ်နေတာ" လို့ ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

လက်ရှိမှာ စစ်သင်္ဘောတွေဟာ ဆက်လက်ဆန်တက်နေပြီး ကသာမြို့နယ်နဲ့ ထီးချိုင့်နယ်အစပ်နားက အင်းရွာ ဆိပ်ကမ်းအနီးမှာ တပ်မ ၇၇ နဲ့ တပ်မ ၈၈ တို့က ဆိပ်ကမ်းအနီးကကျေးရွာတွေမှာ ကြိုတင်လုံခြုံရေးယူပေးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ်ကို စစ်ကောင်စီက စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းဖို့ မီးရထားလမ်းနဲ့ ရေကြောင်းလမ်းတွေအသုံးပြုနေပြီး ပြီးခဲ့တဲ့သြဂုတ်လမှာလည်း စစ်တပ်က စစ်သင်္ဘောအပါအဝင် သင်္ဘော ၉ စီးနဲ့ ဗန်းမော်မြို့ကို စစ်လက်နက်ရိက္ခာတွေ ပေးပို့ခဲ့ပါသေးတယ်။

ပုံစာ - ဧရာဝတီမြစ်အတွင်း သွားလာနေသည့် စစ်သင်္ဘောများ (ပုံဟောင်း)။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေး #ဗန်းမော် #စစ်သင်္ဘော #ထီးချိုင့် #မြတောင်ဆိပ်ကမ်း #ရိက္ခာ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10