ဗဟင်းတိုက်နယ်ဆေးရုံ လေကြောင်းပစ်ခံရပြီး အမျိုးသမီးတဦးသေဆုံး

ဗဟင်းတိုက်နယ်ဆေးရုံ လေကြောင်းပစ်ခံရပြီး အမျိုးသမီးတဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာတိုက်နယ်ဆေးရုံကို စစ်ကောင်စီက ပစ်မှတ်ထားကာလေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဆေးရုံအနောက်ဘက်မှာနေတဲ့ အမျိုးသမီးတဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဗဟင်းနယ်ခံတဦးကတဆင့် သိရပါတယ်။

ဇန်နဝါရီလ ၂၁ ရက်ဒီကနေ့ နေ့လည် ၁ နာရီခွဲက လေကြောင်းနဲ့စတင်ပစ်ခတ်တာဖြစ်ပြီး ၃ ကျော့ ပြန်ပစ်ခတ်ခဲ့ကာ ဆေးရုံအတွင်းကို အချက် ၂၀ ကျော်၊ စာသင်ကျောင်းထဲကို ၅ ချက်နဲ့ ရွာချင်းကပ်ရက်က သနပ်ရင်းရွာကိုလည်း ၄ ချက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်ချိန်စုစုပေါင်း နာရီဝက်လောက်ကြာခဲ့တယ်လို့ ဆိုပါတယ်။

“ဆေးရုံကို ဦးတည်ပြီးပစ်တာ၊ ပင်မဆောင်တို့၊ ဓာတ်ခွဲခန်းတို့ကို စပစ်တယ်။ ခွဲခန်းဝင်နေတဲ့လူနာတွေလည်း ရှိတယ်။ ခွဲခန်းဝင်နေရင်း တန်းလန်းကို လေယာဉ်နဲ့ လာပစ်တဲ့အခါကျတော့ ကသောင်းကနင်းပဲ။ ဆေးရုံထဲက ပစ္စည်းတွေလည်း ကွဲတဲ့ဟာကကွဲ၊ တိုက်လဲတာကလဲနဲ့ တော်တော်ကို မွစာတက်သွားတယ်။ ရစရာမရှိအောင်ကို ပစ်ထားတယ်” လို့ ပြောပါတယ်။

ဆေးရုံနောက်က အိမ်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတဦးကတော့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ဆေးရုံမှာလည်း လက်ရှိလူနာ ၅၀ ဝန်းကျင် တက်ရောက်ကုသနေတဲ့အတွက် ထိခိုက်တာတွေရှိခဲ့ကာ တခြားရွာက ကျေးလက်ဆေးပေးခန်းတွေဆီကို ချက်ချင်းရွေ့ပြောင်းပေးနေရတယ်လို့ ဆိုပါတယ်။

လေ‌ယာဉ်ပေါ်ကနေ စက်လက်နက်တွေနဲ့ ပစ်တဲ့အပြင် Rocket တွေနဲ့ပါ ကြဲတဲ့အတွက် ပေါက်ကွဲအားပြင်းပြီး ထိခိုက်ပျက်စီးတာတွေ ကြီးမားတယ်လို့ သူကပြောပါတယ်။

တခြားတော်လှန်ရေးရဲဘော်တဦးကလည်း ဒီနေ့ဆေးရုံအနီးနားမှာ နယ်မြေခံပကဖအစည်းဝေးရှိတဲ့အတွက် သတင်းပေါက်ကြားပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

“လက်နက်ကြီးအဖူးတွေချတာက ပိုများတယ်။ Mi 35 ပဲ ဖြစ်ဖို့များတယ်။ ပကဖအစည်းဝေးရှိလို့ ပစ်တာလို့ကြားတယ်။ အစည်းဝေးက ဆေးရုံအနီးနားတဝိုက်မှာ လုပ်တာ။ မြိုင်နယ်မှာက အဲ့ဆေးရုံတခုပဲရှိတာ။ ရဲဘော်တွေ ဒဏ်ရာရရင်လည်း အဲ့ဆေးရုံပဲ ပို့တာဆိုတော့ အဲ့တာကြောင့်ပစ်တာလား အစည်းဝေးက ဆေးရုံမှာ လုပ်တယ်ထင်ပြီး ပစ်တာလားတော့ မသိဘူး” လို့ ရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် ဗဟင်းမှာ ခုလိုအများပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့တိုက်ခိုက်တာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သိရပါတယ်။

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10