ဗိုလ်ကောက်ရိုးပြောပြတဲ့ သူ့အကြောင်း၊ တော်လှန်ရေးအကြောင်း (ရုပ်ပုံလွှာ)

ဗိုလ်ကောက်ရိုးပြောပြတဲ့ သူ့အကြောင်း၊ တော်လှန်ရေးအကြောင်း (ရုပ်ပုံလွှာ)

မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က တိုင်းပြည်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ အလုပ်မဖြစ်တော့တဲ့အခါ၊ လမ်းပေါ်က ဆန္ဒပြပြည်သူတွေ အသက်ခံရတာကို မြင်တွေ့လိုက်ရတဲ့ အခါမှာတော့ ကျေးရွာရဲ့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကောက်ရိုးဟာ တောခိုဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ 

ဘယ်အဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုတောခိုရမယ်ဆိုတာကို လမ်းညွှန်သူကတော့ သူနဲ့အတူ သပိတ်ခေါင်းဆောင်လည်းဖြစ် သူ့ရဲ့ ဘဝလက်တွဲဖော်လည်းဖြစ်တဲ့ ဇနီးသည် ကိုယ်တိုင်ပါပဲ။ 

တောခိုခဲ့တဲ့နေ့က သူ့လက်ထဲမှာ ဇနီးဖြစ်သူ ထည့်ပေးလိုက်တဲ့ ငွေကျပ် ၂၀၀၀ နဲ့ ဆေးပေါ့လိပ်တစည်းသာ ပါခဲ့တာပါ။ 

အခုအခါမှာတော့ သူဟာ တပ်ဖွဲ့ဝင်အင်အား ၁၈၀ ခန့်ရှိတဲ့ Eagle Guerrilla Force ဆိုတဲ့ ဝက်လက်မြို့နယ်အခြေစိုက်၊ ရွှေဘိုခရိုင် တပ်ရင်း ၁၅ ကို ဦးဆောင်နေတဲ့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုး ဖြစ်နေပါပြီ။ 

 

ဗိုလ်ကောက်ရိုး

အသက် ၃၆ နှစ်အရွယ် ဗိုလ်ကောက်ရိုးဟာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာငယ်လေး တခုကပါ။ သူဟာ သမီး ၂ ယောက်ရဲ့ ဖခင်ပါ။ ၂၀၁၉ ကိုဗစ်မတိုင်ခင်က သူတို့မိသားစုလေးဟာ ပန်းစိုက်ပျိုးတဲ့လုပ်ငန်းနဲ့ အသက်မွေးခဲ့ကြတယ်။ ကိုဗစ်ကာလမှာတော့ သူတတ်ကျွမ်းတဲ့ ကောက်ရိုးထွင်းအတတ်ပညာနဲ့ ပုံတူပညာ ပန်းချီရေးဆွဲတဲ့အလုပ်နဲ့ အသက်မွေးတယ်။ 

သူ အဓိကရေးဆွဲဖြစ်ခဲ့တဲ့ပုံတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတွေ၊ ဗိုလ်ချုပ်အောင်ဆန်းပုံ၊ မြတ်စွာဘုရားပုံနဲ့ လူပုံတူပန်းချီတွေပဲဖြစ်ပါတယ်။ 

ပုံစာ - ဗိုလ်ကောက်ရိုး လက်ရာ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ။
ပုံစာ - ဗိုလ်ကောက်ရိုး လက်ရာ ဒေါ်အောင်ဆန်းစုကြည် ပုံတူပန်းချီ။

ကိုဗစ်ကာလမှာ ပန်းချီဆွဲတဲ့အလုပ်ဟာ မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေတဲ့အလုပ်တော့မဟုတ်ဘူးလို့ ဗိုလ်ကောက်ရိုးက ဆိုပါတယ်။ 

"ပန်းချီဆရာဘဝနဲ့ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းခင်ထိ ဆွဲခဲ့တယ်" လို့ သူက ဆိုပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်သတ်နဲ့အနိုင်ရရှိထားတဲ့ NLD ပါတီကို မဲမသမာမှုတွေရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တနိုင်ငံလုံးကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က စစ်အာဏာသိမ်းလိုက်တဲ့အခါမှာတော့ ဗိုလ်ကောက်ရိုးနဲ့ ဇနီးဖြစ်သူဟာ သူတို့နေထိုင်ရာ ကျေးရွာသပိတ်အဖွဲ့ရဲ့ခေါင်းဆောင်တွေ ဖြစ်လာပါတော့တယ်။ 

အာဏာသိမ်းမှုကို မကျေနပ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြပေမယ့် အာဏာရှင်စစ်တပ်ဟာ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲတာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ဆက်တိုက်ဆိုသလိုလုပ်လာတဲ့အခါမှာတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

"ဆန္ဒပြပြည်သူတွေကို ရက်ရက်စက်စက်ပစ်သတ်တာကို မြင်ရပြီး လက်နက်ကိုင် တိုက်ပွဲဝင်မှရတော့မယ်ဆိုတဲ့ အတွေးနဲ့ တော်လှန်ရေးလောကထဲကိုဝင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာပါ"လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

လက်နက်ကိုင်တော်လှန်မှ ဖြစ်တော့မယ်ဆိုတဲ့ စိတ်ဆန္ဒနဲ့  ၂၀၂၁ မေ ၂ ရက်မှာ တောခိုခဲ့ပါတော့တယ်။ 

 

မြေပြင်တိုက်ပွဲဖော်ဆောင်မှု

ဝက်လက်မြို့နယ်ကနေ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တပ်စခန်းဆီ ရောက်သွားတဲ့အခါ သူ့အရင် ကြိုရောက်နေတဲ့သူတွေ များနေတာကြောင့် ကိုကောက်ရိုးဟာ သင်တန်းမတက်ရသေးဘဲ အဲ့ဒီနယ်မြေမှာ ၂ လကြာ စောင့်ဆိုင်းခဲ့ရပါတယ်။ 

အဲ့ဒီနောက် ကိုကောက်ရိုးဟာ အခြေခံစစ်သင်တန်း ၃ လ၊ မိုင်းထုတ်လုပ်ရေးသင်တန်း ၃ လ စုစုပေါင်း စစ်သင်တန်းကာလ ၆ လ ကြာ တက်ရောက်သင်ကြားခဲ့ရပါတယ်။

သင်တန်းတက်နေတဲ့ကာလအတွင်း ကောက်ရိုးဆိုတဲ့ တော်လှန်ရေးနာမည်တခု ရခဲ့တဲ့အကြောင်းကို သူက အခုလို ပြောပြပါတယ်။

“စစ်သင်တန်းတက်နေတဲ့ကာလမှာ အားတဲ့အချိန် ဝါးခုတ်ပြီး ဝါးနဲ့ ကော်ဖီခွက်လေးတွေကို အပေါင်းအသင်းတွေကို လုပ်ပေးတယ်။ အရင်က ကောက်ရိုးပန်းချီလုပ်တာ ပြောပြရင်းနဲ့ ကောက်ရိုးလို့ခေါ်ရင်း ကောက်ရိုး နာမည်ဖြစ်လာတာ” 

စစ်သင်တန်းတက်ပြီးနောက် ကိုကောက်ရိုးဟာ မိုးညှင်းမြို့နယ်၊ မြို့လှမြို့နယ်နဲ့ ဟိုပင်မြို့နယ်ဘက်တွေမှာ သေနတ်အစစ်ကိုင်ပြီး မြေပြင်တိုက်ပွဲအတွေ့အကြုံတွေ ရယူခဲ့ပါတယ်။ 

ဟိုပင်မြို့နယ်ထဲက တိုက်ပွဲတခုမှာ သူဟာ ဒဏ်ရာရခဲ့ပါသေးတယ်။ ရှေ့တန်းစစ်နယ်မြေ တခုဖြစ်တဲ့ KIA ကင်းစခန်းတခုမှာ ညကင်းစောင့်နေချိန်မှာ ဒဏ်ရာရခဲ့တာပါ။ အဲ့ဒီညက စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ ကင်းစခန်းကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကိုကောက်ရိုးဟာ ရန်သူကို ပြန်လည်ပစ်ခတ်ရင် နောက်ဆုတ်လိုက်တဲ့အချိန် စခန်းခြံစည်းရိုးမှာ ခြေချော်လဲကျကာ ခြေထောက်ကို သံစူးဝင်သွားခဲ့တာဖြစ်တယ် လို့ သူက ပြောပြပါတယ်။ 

အဲ့ဒီဒဏ်ရာကို ၂ လကြာဆေးကုသမှုခံယူပြီးနောက်မှာတော့ ကိုကောက်ရိုးဟာ သူကိုင်ခဲ့တဲ့ MA 2 သေနတ်ကို KIA ဆီ ပြန်လည်အပ်နှံခဲ့ပြီး ဝက်လက်မြို့နယ်ကို ပြန်လာခဲ့ပါတယ်။ 

ဝက်လက်မြို့နယ်ထဲကို ပြန်ရောက်တဲ့အခါ ဝက်လက်မြို့တပ်ရင်း ၂ ဆီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲ့ဒီမှာ၂ လကြာ တာဝန်ထမ်းဆောင်ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အဲဒီတပ်ရင်းက ထွက်ကာ မိမိနေထိုင်ရာ ကျေးရွာကို ပြန်လာခဲ့ပါတယ်။ 

အဲ့ဒီအခါ စစ်သင်တန်းတက်ပြီး ကျေးရွာကို ပြန်လာတဲ့ ကိုကောက်ရိုးထံကို ကျေးရွာထဲက တော်လှန်ရေးစိတ်ဓာတ်ရှိတဲ့ လူငယ်၊ လူရွယ်တွေနဲ့ တခြားအနီးနားက လူငယ်တွေ ချဉ်းကပ်လာကြတယ်။ သူနဲ့အတူ ပေါင်းပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆက်လုပ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ကောက်ရိုးက ဆိုပါတယ်။ 

အဲ့ဒီနောက် ဝက်လက်မြို့နယ် လွှတ်တော်အမတ်တဦးနဲ့ အချိတ်အဆက်ရကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံမှာ တပ်ရင်းလျှောက်ရာက ရွှေဘိုခရိုင်တပ်ရင်း ၁၅ အဖြစ် တရားဝင်ခွင့်ပြုချက်နဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး သူ့ကို တပ်ရင်းမှူးရာထူးပေးအပ်ခဲ့တယ်လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

 

ကောက်ရိုးနဲ့ တိုက်ပွဲ

ရွှေဘိုခရိုင်တပ်ရင်း ၁၅ အဖြစ်ဖွဲ့စည်းပြီးတဲ့အခါမှာတော့ ဗိုလ်ကောက်ရိုးမှာ လူအင်အား အသင့်အတင့် ရရှိလာခဲ့ပါတယ်။ ဝက်လက်မြို့နယ်ထဲမှာလည်း တူမီးသေနတ်၊ လက်လုပ်မိုင်းတွေနဲ့ တိုက်ပွဲငယ်တွေကို ဖော်ဆောင်လာနိုင်ခဲ့ပါတယ်။ 

"သင်တန်းမှာက သေနတ်အစစ်၊ မြေပြင်ရောက်တော့ တူမီးနဲ့တိုက်ရတယ်။ ကျနော်က မိုင်းသင်တန်းပါ တက်ခဲ့တော့ မိုင်းပဲ အားပြုဆွဲတိုက်ခိုက်တယ်။ တော်လှန်စိတ်၊ မခံချင်စိတ်က ပြင်းပြနေတော့ တူမီးရယ်လို့ မရွေးတော့ဘဲ ရရာလက်နက်နဲ့ ဆော်တာပေါ့ဗျာ" လို့ သူ့ရဲ့ လက်နက်ကိုင်တော်လှန်ရေးအစမှာ အားမလိုအားမရဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို Eagle Guerrilla Force ခေါင်းဆောင်ဗိုလ်ကောက်ရိုးက ရှင်းပြပါတယ်။

ရွှေဘိုခရိုင်တပ်ရင်း ၁၅ ဟာ မြေပြင်တိုက်ပွဲတွေကို ဝက်လက်၊ မုံရွာ၊ အရာတော်၊ ကျောက်ဆည်၊ ရွှေဘိုမြို့နယ်ဘက်တွေမှာ မိထ္တိလာအဖွဲ့၊ lighting drone force ၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ တို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်။ 

မုံရွာမြို့နယ်မှာဆိုရင် ကျောက်စပ်ပုံအမြောက်တပ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ အရာတော်မြို့နယ်ကဆိုရင် ငွေတွင်းပျူစောထီးရွာ၊ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကဆိုရင် သုံးဆယ်ပေးရွာ စစ်တပ်အထိုင်စခန်း၊ ရွာသာယာရွာ ပျူစောထီးရွာတွေကို သွားရောက်တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့မှာ လက်နက်မပြည့်စုံတော့ ဒရုန်းနဲ့ လက်လုပ် Rocket တွေကို သုံးနေရတယ်။ အသာစီးရတဲ့ ပွဲတွေလည်းရှိတယ်။ ဝင်ပြီး မသိမ်းနိုင်ဘူး လက်နက်မပြည့်စုံလို့" လို့ သူ့တပ်ရင်းမှာ အားနည်းနေတဲ့ အချက်တခုကို သူက ရှင်းပြပါတယ်။ 

ပုံစာ - ဗိုလ်ကောက်ရိုး ထုတ်လုပ်သည့် မိုင်း။
ပုံစာ - ဗိုလ်ကောက်ရိုး ထုတ်လုပ်သည့် မိုင်း။

ဒါ့အပြင် သူ့တပ်ရင်းမှာ သေနတ်အစစ်ကို ရဲဘော်တိုင်းမကိုင်ဆောင်နိုင်လို့ ဗိုလ်ကောက်ရိုးဟာ လက်လုပ်မိုင်းတွေကို အဓိက ထုတ်လုပ်ပြီး တိုက်ပွဲတွေဖော်ဆောင်ရတယ်လို့ ဆိုပါတယ်။

မိုင်းတွေထုတ်လုပ်ဖို့ ကုန်ကြမ်းမရှိတော့တဲ့အချိန်မျိုးဆိုရင် နိုင်ငံရပ်ခြားရောက်နေကြတဲ့ သူငယ်ချင်းတွေထံမှာ အကူအညီတောင်းရတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီလို တပ်ရင်းမှာ ဘဏ္ဍာငွေပြတ်တောက်နေချိန်၊ မိုင်းတွေ မရှိတဲ့အချိန် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အခါမျိုးဆိုရင် မခုခံနိုင်ဘဲ ဒီအတိုင်း ထိုင်ကြည့်နေရတယ်လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။ 

"သုညကစတဲ့ တော်လှန်ရေးဆိုတော့ တော်တော်ခက်ခဲခဲ့ပါတယ်" လို့ သူက ပြောပါတယ်။ 

 

တူမီးနဲ့သေနတ်အစစ်ကွာခြားချက်

လက်ရှိမှာတော့ ဗိုလ်ကောက်ရိုးဟာ သူ့တပ်ရင်းက ရဲဘော်တချို့ကို သေနတ်အစစ်တပ်ဆင်ထားပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရဲဘော်တိုင်း သေနတ်အစစ်ကိုင်ရဖို့ကို သူဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။ 

စစ်ဆင်ရေးတွေ ဖော်ဆောင်တဲ့နေရာမှာ သေနတ်အစစ်ဟာ ရန်သူကို အချိန်မပေးနိုင်အောင် ပစ်လို့ရပြီး လက်လုပ်တူမီးသေနတ်ကတော့ တချက်ပဲပစ်နိုင်တာကြောင့် ရန်သူဘက်က အင်အားသာလွန်တဲ့အချိန်မျိုးဆိုရင် တိုက်ခိုက်ဖို့ မလွယ်ဘူးလို့ ဗိုလ်ကောက်ရိုးက ရှင်းပြပါတယ်။ 

ဒါကြောင့် တူမီးသေနတ်နဲ့ တိုက်ခိုက်ရတဲ့အခါမှာ ရေလှိုင်းပမာတက်လိုက်၊ ဆုတ်လိုက်နဲ့ ရန်သူကို ပစ်ခတ်ရတယ်လို့ တူမီးနဲ့တိုက်ခိုက်ရတဲ့ စစ်ဆင်ရေးသဘောကို သူက ဆက်ရှင်းပြပါတယ်။ 

"ရေလှိုင်းပမာဆိုတာက ၁၀ ယောက်စီ ၃ ဖွဲ့ဆိုရင် ရှေ့က ၁၀ယောက်က အရင်ပစ်၊ ပစ်ပြီးရင် ဒုတိယအဖွဲ့ ရှေ့တက်ပြီး ပစ်။ ပစ်ပြီးရင် ပြန်ဆုတ်။ ယမ်းဖြည့်။ နောက်တဖွဲ့က ရှေ့တက်ပစ်ပေါ့။ ယမ်းနဲ့ ခဲသီးထည့်ပြီး ပစ်တာဆိုတော့ ရန်သူတွေလည်း ကြောက်တယ်" လို့ ဗိုလ်ကောက်ရိုးက ဥပမာပေးပြီး ရှင်းပြပါတယ်။

 

အမှတ်တရဖြစ်ခဲ့ရတဲ့တိုက်ပွဲတွေ

တိုက်ပွဲတွေ ဖော်ဆောင်တဲ့အခါ မထင်မှတ်ထားတဲ့ အမှတ်တရအဖြစ်အပျက်တွေ အကြောင်းကိုလည်း ဗိုလ်ကောက်ရိုးက ပြောပြပါသေးတယ်။ 

ဒီနှစ်ဩဂုတ်လထဲမှာ ဗိုလ်ကောက်ရိုးတို့ရဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅ တပ်ဖွဲ့ဟာ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ အထိုင်စခန်းချထားတဲ့ ရွာသာယာရွာကို သွားတိုက်ခဲ့ကြပါတယ်။ အဲ့ဒီရွာဟာ ဧရာဝတီမြစ်လယ်မှာ ကျွန်းလိုဖြစ်နေတဲ့ ကျေးရွာတခုပါ။ 

အဲ့ဒီရွာက အထိုင်စခန်းကို အဝေးကနေ ဒရုန်းတွေ ဗုံးကြဲတာ၊ လက်လုပ်အမြောက်တွေနဲ့ ပစ်ခတ်တာတွေ ၃ ရက်ဆက်တိုက်လုပ်ခဲ့ပါတယ်။ အထိုင်စခန်းကို သိမ်းမယ်ဆိုရင် တက်သိမ်းလို့ရတဲ့ အခြေအနေဖြစ်ခဲ့ပေမယ့် ဗိုလ်ကောက်ရိုးတို့ တက်မသိမ်းဖြစ်ခဲ့ကြပါဘူး။ 

“ရဲဘော်တွေက တယောက်မှ ရေမကူးတတ်ကြဘူး” လို့ စခန်းမသိမ်းလိုက်ရတဲ့ အဓိကအချက်ကို သူက ပြောပြပါတယ်။ 

ရေပတ်လည်ဝိုင်းနေတဲ့ ရွာသာယာရွာကို စက်လှေမောင်းပြီးသွားလို့ရပါတယ်။ စက်လှေမောင်းတတ်တဲ့ ရဲဘော်တွေလည်းရှိကြပါတယ်။ 

ဒါပေမဲ့ စက်လှေစီးသွားတဲ့အချိန် ကုန်ပေါ်ကနေ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ပါက ရဲဘော်တွေအကုန် ဧရာဝတီမြစ်ထဲ ဆင်းပြေးရမှာဖြစ်တာကြောင့် “သေနတ်မှန်ပြီး မသေဘဲ၊ ရေနစ်သေကြရမယ့်အဖြစ်မျိုး ကြုံရမှာ” လို့ ဗိုလ်ကောက်ရိုးက အရယ်တဝက်နဲ့ ပြောပါတယ်။ 

ပုံစာ - ဗိုလ်ကောက်ရိုးနှင့် သူ၏ ရဲဘော်များ။
ပုံစာ - ဗိုလ်ကောက်ရိုးနှင့် သူ၏ ရဲဘော်များ။

နောက်ထပ်ကြုံခဲ့ရတဲ့ အဖြစ်ကတော့ ဝက်လက်မြို့နယ်ထဲက ကျေးရွာတရွားအနီးက ဖြတ်သွားတဲ့ စစ်ကောင်စီ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့အဖြစ်ပါ။ ဗိုလ်ကောက်ရိုးတို့ မိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အခါ စစ်ကောင်စီဘက်က သေနတ်တွေနဲ့ တရစပ်ပြန်လည်ဖြစ်ခတ်ခဲ့ပါတယ်။ ဗိုလ်ကောက်ရိုးအပါအဝင် မိုင်းဆွဲတဲ့အဖွဲ့ဟာ အသက်လုပြီး ထွက်ပြေးခဲ့ရပါတယ်။ 

အဲ့ဒီအချိန်မှာ သူဟာ လယ်ကွင်းထဲ ဆင်းပြေးပြီး ခန္ဓာကိုယ်တခုလုံးကို မြေပြင်မှာ ပြားပြားဝပ် မှောက်ချလိုက်ပါ တယ်။ အသက်ဘေးက လွတ်ခဲ့ပေမယ့် အိတ်ထဲထည့်ထားတဲ့ ဖုန်းတွေအကုန်ရေစိုသွားတယ်လို့ ဗိုလ်ကောက်ရိုး က ပြောပြပါတယ်။ 

ရေဝင်သွားတဲ့ဖုန်းကို မြို့ပေါ်တက်ပြီး ဆိုင်မှာသွားပြင်ချင်ပေမယ့် ဖုန်းထဲမှာ တော်လှန်ရေးနဲ့ပတ်သက်တဲ့ အချက်အလက်တွေရှိနေတာကြောင့် မသွားရဲဘဲ ဖုန်းကိုဆန်အိတ်ထဲမှာ ၄ ရက်ကြာခန့်မြှုပ်ထားပြီး ပြန်သုံးလိုက်ရပါတယ်။

"ဖုန်းကို ဆန်အိတ်ထဲကပြန်ဖော်ပြီးသုံးတော့ အချင်းချင်းတယောက်နဲ့တယောက် စာပို့ကြည့်တဲ့အခါမှာ ပို့လိုက်တာက တယောက်၊ စာရောက်သွားတာက တယောက်ဖြစ်နေတယ်" လို့ တွေ့ကြုံခဲ့ရတဲ့ တော်လှန်ရေး အမှတ်တရတခုကို ဗိုလ်ကောက်ရိုးက ရယ်သံနှောကာ ပြောပြပါတယ်။ 

 

တော်လှန်ရေးကြာရတဲ့အကြောင်းပြောပြတဲ့ ဗိုလ်ကောက်ရိုး

မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရဲဘော်တွေဟာ မြေပြင်ကျွမ်းကျင်မှုရှိသလို ရည်ရွယ်ချက်နဲ့ အနာဂတ်ရှိပြီး စစ်အာဏာရှင်ကို တိုက်ခိုက်တော်လှန်နေကြတာကြောင့် စစ်ကောင်စီတပ်သားတွေထက် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ နယ်မြေကျွမ်းကျင်မှုမှာ အနိုင်ရရှိထားပြီဖြစ်တယ်လို့ ဗိုလ်ကောက်ရိုးက ဆိုပါတယ်။

ဒါပေမဲ့ အဲ့ဒီလိုအသာစီးရထားပေမယ့် တော်လှန်ရေးဘာကြောင့် ကြာနေရသလဲဆိုတဲ့ အချက်ကို သူက အခုလို ပြောပြပါတယ်။ 

"ဘာဖြစ်လို့ ကြာနေတာလဲဆိုတော့ နိုင်ငံရေးသမားတွေအများစုတော့ မပြောလိုဘူး။ နိုင်ငံရေးသမားတွေ၊ ရေပေါ်ဆီတွေ၊ လေကြီး၊ မိုးကြီးပြောတဲ့အကောင်တွေကြောင့် ကြာနေတာ" လို့ သူ မှတ်ချက်ပြုပါတယ်။ 

လက်ရှိတော်လှန်ရေးကို ရပ်လို့ မဖြစ်ဘူးဆိုပြီးပြောနေကြတဲ့ ခေါင်းဆောင်ပိုင်တွေက မြေပြင်မှာ တကယ် တာဝန်ယူပြီးလုပ်ကြဖို့၊ ကိုယ့်ကျိုးအတွက်လုပ်နေတာတွေရပ်ပြီး အမြန်ဆုံးပြီးအောင် စည်းစည်းလုံးလုံးနဲ့ တိုက်ကြဖို့လိုအပ်တယ်လို့ သူက ဆိုပါတယ်။ 

“ငါတို့က ဘာကွဆိုတာတွေ ဘေးဖယ်ပြီး ပြည်သူဆိုတာထက် ကျေးလက်တောရွာက ပြည်သူတွေကို သနားကြဖို့ လိုအပ်တယ်” လို့ ဗိုလ်ကောက်ရိုးက ထောက်ပြပါတယ်။

တော်လှန်ရေးဟာ လက်ရှိမှာ ၂ နှစ်ကျော်လာပြီဖြစ်တာကြောင့် ပြည်သူတွေလည်း ပင်ပန်းနေကြပြီဖြစ်ရာ တော်လှန်ရေးမှာ ရာထူးတာဝန်တွေ ယူထားကြသူတွေအနေနဲ့ ဘက်မလိုက်ဘဲ ပြတ်ပြတ်သားသားလုပ်ဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။ 

ပြီးတော့ ဗိုလ်ကောက်ရိုးက တော်လှန်ရေးမြန်မြန်ပြီးနိုင်မယ့် အချက်တချို့ကိုလည်း အကြံပြုပါသေးတယ်။

ဒါကတော့ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေ CDM လုပ်ကြဖို့၊ မြို့ပေါ်ပြည်သူတွေအနေနဲ့ ဆန္ဒထွက်ပြသလို ရုပ်ပြစရာမလိုဘဲ မြို့ပြ UG တွေကို အသံတိတ်ကူညီပေးတာ၊ ပြည်ပထောက်ပို့တွေလို ထောက်ပို့ရေးအစီအစဉ်တွေမှာ ဝိုင်းကူတာတွေ လုပ်ပေးသင့်တယ်လို့ ဗိုလ်ကောက်ရိုး က အကြံပြုပါတယ်။ 

"ပိုက်ဆံကူရမယ် မဟုတ်ပါဘူး။ ဘယ်နားမှာ ခွေးဘယ်နှစ်ကောင်၊ ဘယ်ကနေ ဘယ်ကို ဘာနဲ့သွားတယ် သတင်းပေးရင်ကို အဆင်ပြေပါတယ်" လို့ ဗိုလ်ကောက်ရိုးက ပြောပါတယ်။

အခုအခါမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့တွေကို ပစ်မှတ်ထားတိုက်ခိုက်တော့မှာဖြစ်တဲ့အတွက် ကိုယ်နဲ့မဆိုင်သလို နေကြသူတွေ၊ စစ်ကောင်စီကို ထောက်ခံအားပေးနေသူတွေ၊ အမျိုးသားရေးသမားတွေနဲ့ ကိုယ်ကျိုးစီးပွားလောက်ပဲ စိတ်ဝင်စားပြီး နိုင်ငံရေးစိတ်မဝင်စားတဲ့သူတွေကို တိုက်ပွဲဖြစ်လာရင် တာဝန်ယူမှာ မဟုတ်ဘူးလို့ ဗိုလ်ကောက်ရိုးက သတိပေးပါတယ်။ 

 

တော်လှန်ရေးလုပ်မှ အကြွေးတင်တော့တယ်

အခုနှစ် အောက်တိုဘာ ၅ ရက်မှာ သုံးဆယ်ပေးရွာစခန်းကို သွားရောက်တိုက်ခိုက်ချိန်မှာတော့ စစ်ကောင်စီတပ်ရဲ့ jammer မိပြီး သိန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ဒရုန်းအကြီးတခု ဆုံးရှုံးခဲ့ရတယ်လို့ နှမျှောတသစိတ်ဖြစ်ရင်း Eagle Guerrilla Force ခေါင်းဆောင်  ဗိုလ်ကောက်ရိုးက ဆိုပါတယ်။

ဒါကြောင့် ဗိုလ်ကောက်ရိုးဟာ သူ့တပ်ရင်းအတွက် ဒရုန်းအကြီး ၂ စီးရယ်၊ ဒရုန်းနဲ့တွဲဖက်အသုံးပြုမယ့် ကွန်ပျူတာရယ် မှာယူထားပါတယ်။ သူ့တပ်ရင်းဆီကို ပစ္စည်းတွေရောက်လာပါက ဒရုန်းဖိုး ကျပ်သိန်း ၃၀၀ ပေးဖို့ လိုအပ်နေပါတယ်။ 

တော်လှန်ရေးမတိုင်ခင်က အကြွေးတပြားမှ မရှိခဲ့ဖူးတဲ့ ဗိုလ်ကောက်ရိုးဟာ တော်လှန်ရေးလုပ်ခဲ့တဲ့နောက်ပိုင်းတော့ အကြွေးတွေတင်နေတယ်လို့ ဆိုပါတယ်။ 

ရဲဘော်တွေ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူဖြည့်ဆည်းပေးနေရတဲ့ တပ်ရင်းမှူးတယောက်ရဲ့ အဖြစ်ကို Eagle Guerrilla Force  ခေါင်းဆောင်ဗိုလ်ကောက်ရိုးက ရယ်မောလျက် အခုလို ခိုင်းနှိုင်းပြောပြပါတယ်။ 

“ပြောတော့ တပ်ရင်းမှူး အောင်မလေး ဖေ့ဘွတ်၊ မက်ဆင်ဂျာပေါ်မှာ သူတောင်းစားထက်ဆိုးတယ်” 

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်ပုံလွှာ #ဗိုလ်ကောက်ရိုး #တော်လှန်ရေး #တူမီး #မိုင်း #တိုက်ပွဲ #တပ်ရင်းမှူး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10