ဗိုလ်ချုပ်မြတ်သက်ဦးဇာတိ စုန်းချောင်းရွာကို စစ်တပ်က ပထမအကြိမ် မီးရှို့၊ ရွာခံ ၃ ဦးကိုသတ်

ဗိုလ်ချုပ်မြတ်သက်ဦးဇာတိ စုန်းချောင်းရွာကို စစ်တပ်က ပထမအကြိမ် မီးရှို့၊ ရွာခံ ၃ ဦးကိုသတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဗိုလ်ချူပ်မြတ်သက်ဦးဇာတိ ဖြစ်တဲ့ စုန်းချောင်းရွာကို စစ်ကောင်စီက ညအချိန်မတော် ရုတ်တရက် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့လို့ တရွာလုံးနီးပါးပိတ်မိနေပြီး လက်ရှိမှာ ပြည်သူ ၃ ဦးကို သတ်ပစ်လိုက်ကြတယ်လို့ ဒေသခံကတဆင့် သိရပါတယ်။

စုန်းချောင်းရွာဟာ မတ်လတုန်းက ရာထူးကနေ ဖြုတ်ချခံလိုက်ရတဲ့ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ ဇာတိရွာဖြစ်ပြီး ဧပြီ ၂ ရက်မှာ မိသားစုဝင်တွေကို စစ်တပ်က လာရောက်ခေါ်ဆောင်သွားကာ ဗိုလ်ချုပ်မြတ်သက်ဦးရဲ့ မိသားစုဝင်တွေ ရွာမှာမရှိတော့မှ အခုလို စစ်ကောင်စီက စုန်းချောင်းရွာကို ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူ့မိသားစုနဲ့ သူအမျိုးတွေကို စစ်တပ်က လာမခေါ်ခင်အထိ ဒီဘက်မှာက အဆင်ပြေတယ်။ သူ လာအို(နိုင်ငံ) မပြောင်းခင် လာခေါ်သွားကြတာ။ အရင်တုန်းက ရွာကိုဝင်ရင် ဘာမှလုပ်မသွားဘူး။ အခုမှ မီးရှို့တာတွေ သတ်တာတွေလုပ်တာ" လို့ ယင်းမပင်မြို့နယ်မှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ဇူလိုင် ၂၁ ရက် ဒီကနေ့မနက်အစောပိုင်း ၂ နာရီလောက်မှာ အင်အား ၅၀ ကျော်နဲ့ စုန်းချောင်းရွာကို ပစ်ခတ်ဝင်ရောက်လာတာကြောင့် ကျည်ထိသူတချို့ရှိပြီး မိသားစုတစုကိုတော့ ရွာထဲက စစ်ကောင်စီတပ်ဖွဲ့တွေ အထိုင်ချတဲ့နေရာကို ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ သိရပါတယ်။ 

“အဖမ်းခံရတဲ့လူတွေလည်း ရှိတယ်။ ၃ယောက်ကတော့ လည်လှီးအသတ်ခံရတယ်ကြားတယ်ဗျ၊ မိုးရွာနေတော့ အိပ်လို့ကောင်းတဲ့ အချိန်ဝင်တာဆိုတော့ ရွာထဲကလူတော်တော်များများ ပိတ်မိနေတယ်"လို့ ဒေသခံကာကွယ်ရေး ရဲဘော်တဦးက ပြောပါတယ်။

ဒလန်သတင်းပေးသူက စုန်းချောင်းကျေးရွာအတွင်း PDF တွေရှိတယ်လို့ သတင်းပေးတာကြောင့် အခုလို ရွာကို ရုတ်တရက်ဝင်ရောက်ပြီး ရွာခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ လုပ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ရွာထဲကို ရုတ်တရက် စစ်ကြောင်းဝင်လာလို့ ပြည်သူ ၃၀၀ ကျော်ပိတ်မိနေပြီး ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ ရွာကို မီးစတင်ရှို့နေတဲ့အတွက် နေအိမ် ၃ လုံးပြာကျသွားကာ တခြားအိမ်တွေလည်း မီးလောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုလက်ရှိ အဆိုပါ စစ်ကြောင်းက ရွာထဲမှာပဲရှိနေသေးပြီး ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မြတ်သက်ဦး။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #စုန်းချောင်းရွာ #စစ်ကောင်စီ #ဗိုလ်ချုပ်မြတ်သက်ဦး

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10