ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကို စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာန ၄ ဒု-ဝန်ကြီးအဖြစ်ခန့်အပ်

ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကို စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာန ၄ ဒု-ဝန်ကြီးအဖြစ်ခန့်အပ်

နယ်စပ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကို စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာန ၄ ဒု-ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်တယ်လို့ ဇန်နဝါရီလ ၂၃ ရက် ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာန ၄ မှာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ရာထူးကနေ အခုလထဲ အနားပေးခံလိုက်ရတဲ့ ဗိုလ်ချုပ်ကြီးမိုးအောင်ကို ဝန်ကြီးအဖြစ်ခန့်အပ်လိုက်ပြီ သူ့ရဲ့အောက်မှာ ဒု-ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးကို ခန့်လိုက်တာပါ။

ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးဟာ အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊  တွဲဖက်စစ်ရေးချုပ် တာဝန်တွေရယူခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဩဂုတ်လအတွင်းမှာ နယ်စပ်ရေးရာဒု-ဝန်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့တာဖြစ်ကာ စစ်ခေါင်းဆောင်ယုံကြည်ရသူတွေထဲက စီနီယာသက်တမ်းရှည်စစ်ဗိုလ်ချုပ်တဦး ဖြစ်ပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာနမှာတော့ နမခ စစ်တိုင်းမှူးရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ ဗိုလ်မှူးချုပ်ဖြိုးသန့်ကို ဒု-ဝန်ကြီးအဖြစ်ပူးတွဲခန့်ထားတာဖြစ်လို့  ဗိုလ်မှူးချုပ် ဖြိုးသန့်က ဒု-ဝန်ကြီးအဖြစ် ဆက်လက်ကျန်ရှိနေတာပါ။ 

ဒါ့အပြင် စစ်ကောင်စီဥက္ကဌရုံးဝန်ကြီးဌာန ၂ ဒု-ဝန်ကြီးအဖြစ် ဦးအောင်ကျော်ဟိုး ကို ခန့်အပ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပြီး အဲ့ဒီဌာနမှာက ယခင် ရင်းနှီးမြုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို ဝန်ကြီးအဖြစ်ခန့်အပ်ထားတာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ စစ်ကောင်စီဥက္ကဌရုံးကို ဝန်ကြီးဌာန ၄ ခုအထိ တိုးချဲ့ဖွဲ့စည်းထားပြီး အဲ့ဒီဌာနတွေကို သူယုံကြည်ရတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ အရပ်ဘက်ပုဂ္ဂိုလ်တချို့ကို ဝန်ကြီး၊ ဒု-ဝန်ကြီးတွေ ခန့်ကာဖွဲ့စည်းနေတာ ဖြစ်ပါတယ်။

#မြေလတ်အသံ

#စစ်ကောင်စီဥက္ကဌရုံး #ဝန်ကြီးဌာန #ဒုဝန်ကြီး #ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး #နယ်စပ်ရေးရာ #ပြောင်းရွှေ့ခန်အပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10