ဗုံးခိုကျင်းတူးပြီးသာ ကာကွယ်နိုင်တဲ့ အညာလေကြောင်းတိုက်ခံရမှု (သတင်းဆောင်းပါး)

ဗုံးခိုကျင်းတူးပြီးသာ ကာကွယ်နိုင်တဲ့ အညာလေကြောင်းတိုက်ခံရမှု (သတင်းဆောင်းပါး)

ဖရိုဖရဲဖြစ်ပျက်နေတဲ့ ဝါးထောက်တိုင်တဲကလေးတွေရဲ့ နံဘေးမြေကွင်းပြင်ပေါ်မှာ ကိုယ်ခန္ဓာအပိုင်းအပိုင်း အပြတ်ပြတ်နဲ့ ပြန့်ကျဲနေတဲ့ ရုပ်အလောင်း ၇ လောင်းကို စီတန်းလျှက်တွေ့ရတယ်။ 

အဖြူပေါ်မှာ အနက်ရောင်ကွက်ကျားဆေးခြယ်ထားတဲ့ လက်ရှည်အင်္ကျီဝတ်နဲ့ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေးငယ်တဦးဆိုရင် ခန္ဓာကိုယ်ခါးပိုင်းကနေ တထွာအကွာခန့်ပြတ်ထွက်ပြီး အသားစတွေက ဖွာလှန်ကြဲကာ တစစီဖြစ်နေတယ်။

နောက်ထပ် ကလေးငယ်တဦးဆိုရင်လည်း ဦးခေါင်းနဲ့ရင်ဘတ် မရှိတော့ဘဲ အူတွေပွင့်ထွက်နေတဲ့ ခန္ဓာကိုယ်အောက်ပိုင်း တခုသာကျန်ခဲ့တယ်။

ဒီဖြစ်စဉ်ဟာ ဇန်နဝါရီ ၃၁ ရက် ကလေးမြို့နယ်တောင်ပိုင်း၊ ကုက္ကိုလ်ရွာအတွင်းက စစ်ဘေးဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တခုပါ။ 

သေဆုံးသူ ၈ ဦးဟာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦး၊ ကိုယ်ဝန်ဆောင် ၁ ဦး၊ ကလေးအမေ ၂ ဦးနဲ့ အမျိုးသမီးကြီး ၁ ဦးတို့ ဖြစ်ပါတယ်။

ကုက္ကိုလ်စစ်ရှောင်စခန်းမှာ လူဦးရေ ၁၀၀ ကျော်ရှိပြီး သူတို့ဟာ ကျောက်ဆည်ရွာနဲ့ အင်းကျွန်းကျေးရွာတွေက တိမ်းရှောင်လာကြသူတွေ ဖြစ်ကြပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၄ သြဂုတ်လအထိ တနိုင်ငံလုံးမှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ၃,၂၉၂ ကြိမ် အနည်းဆုံးပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် လူပေါင်း ၁,၇၄၉ ဦး သေဆုံးကာ အများစုဟာ အရပ်သားတွေဖြစ်တယ်လို့ ဥာဏ်လင်းသစ် သုတေသနအဖွဲ့က ဖော်ပြပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း နယ်မြေတွေ လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်ခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ကိုင်းတိုင်းမှာ အခြေစိုက်မယ်လို့ ၂၀၂၅ ဇန်နဝါရီဒုတိယပတ်အတွင်း ပြောဆိုပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီဟာ အညာဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပါတယ်။ 

NUG က ရုံးစိုက်မယ်လို့ပြောခဲ့တဲ့ စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၇ မြို့ရှိပြီး အဲဒီထဲက မြို့သစ်၊ ခမ်းပါတ်၊ ရွှေပြည်အေး၊ မော်လူးမြို့စတဲ့ ၄ မြို့ကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်သိမ်းယူထားတာဖြစ်ပါတယ်။ 

NUG က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အထက်ပါ မြို့ ၄ မြို့အပါအဝင် တော်လှန်ရေးတပ်တွေ အားကောင်းတဲ့ မြို့နယ်တွေကို စစ်ကောင်စီတပ်က ၂၀၂၅ ဇန်နဝါရီ ၁၆ ရက်ကနေ စတင်ကာ လေကြောင်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ 

ဇန်နဝါရီ ၁၆ ရက်ကနေ ဖေဖော်ဝါရီ ၁၈ ရက်အထိ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် အပါအဝင် ပြည်သူ ၄၁ ဦး သေဆုံးပြီး ၈၉ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိတဲ့ အထက်ပါအချက်အလက်ဟာ မြေလတ်အသံသတင်းဌာနက လက်လှမ်းမီသလောက် ကောက်ယူပြုစုထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတဲ့နေရာတွေကိုလေ့လာကြည့်တဲ့အခါ တော်လှန်ရေးအင်အားစုရဲ့ စစ်ရေးနဲ့ မသက်ဆိုင်တဲ့ စစ်ဘေးရှောင်စခန်း၊ လူနေကျေးရွာတွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း စတဲ့အဆောက်အဦတွေက အများစုဖြစ်တာကို တွေ့ရပါတယ်။ 

အဲဒီနေရာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာမှာ တိုက်ခိုက်ရေးလေယာဉ်တွေအပြင် ရဟတ်ယာဉ်၊ ဒရုန်း၊ ဆူဆိုက်ဒရုန်းနဲ့ စက်တပ်လေထီး(ပါရာမိုတာ)တွေနဲ့ပါ တိုက်ခိုက်ကြတယ်ဆိုတာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေ အရသိရပါတယ်။ 

မြေလတ်အသံသတင်းဌာနက ဖော်ပြခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကို လေ့လာကြည့်တဲ့အခါမှာ ဇန်နဝါရီ ၃၀ ရက်က မြိုင်မြို့ နယ် အနောက်ပိုင်းမှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသူ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာသွားခဲ့ပါတယ်။ 

ဇန်နဝါရီ ၂၈ ရက်ကလည်း တောင်သာမြို့နယ် ရွာတန်းရှည်ကျေးရွာအနီးဝန်းကျင်ကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးချတိုက်ခိုက်လို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦးဒဏ်ရာရခဲ့တယ်။

အလားတူ ဖေဖော်ဝါရီ ၁ ရက်မှာ တောင်သာမြို့နယ်ပကဖရဲ့  စစ်သင်တန်းဆင်းပွဲပြုလုပ်ခဲ့တဲ့ ရတနာပုံကျေးရွာအနီးနဲ့ ဇရပ်ကြီးကျေးရွာတွေမှာ တရက်တည်း ၃ ကြိမ်လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၁ ဦးအပါအဝင် ၃ ဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ပေါက်မြို့နယ်က သရက်ကန်ရွာရဲ့ မြောက်ဘက်ပိုင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ 

ဖေဖော်ဝါရီ ၂ ရက်မှာတော့ ကနီမြို့နယ်က ထောက်ကြံ့ကုန်းကျေးရွာကို  တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံးကြဲချခဲ့တာကြောင့် ယင်းမာပင်ခရိုင်တပ်ရင်း ( ၂ ) မှ ရဲဘော် ၂ ဦး၊ ကျေးရွာသား ၂ ဦး သေဆုံးခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတခုထုတ်ပြန်ခဲ့ပါတယ်။ 

အဲဒီအစီရင်ခံစာမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးရပ်တန့်နိုင်ရန်၊ လေယာဉ်ဆီအပါအဝင် စစ်လက်နက်ပစ္စည်းတွေ၊ နည်းပညာတွေ၊ အထောက်အကူပြုပစ္စည်းတွေ ရောင်းချခြင်း၊ တင်ပို့ခြင်း၊ လွှဲပြောင်းသယ်ဆောင်ခြင်းတွေ အမြန်ဆုံးရပ်တန့်ရန်နဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ပိုမိုဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံးထိရောက်စွာ အရေးယူလုပ်ဆောင်ပေးရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေကို တောင်းဆိုအပ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တာမျိုး မလုပ်နိုင်ရင်တောင် ကြိုတင်ကာကွယ်ရေးပြင်ဆင်မှုတွေကို မဖြစ်မနေ ထိထိရောက်ရောက်လုပ်ထားသင့်တယ်လို့ အညာဒေသက တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေက မှတ်ချက်ပြုပါတယ်။ 

လတ်တလောမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လေယာဥ်ပစ်လက်နက် ဝယ်ယူနိုင်ဖို့၊ ထုတ်လုပ်နိုင်ဖို့ မဖြစ်နိုင်သေးပေမယ့် လေကြောင်းဆိုင်ရာဆက်သွယ်ရေးစနစ်တွေကို အခိုင်အမာတည်ဆောက်ထားတာ၊ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေကို အခိုင်အမာပြုလုပ်ထားပြီး ပူးပေါင်းဆောင်ရွက်တာတွေပြုလုပ်မယ်ဆိုရင် လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်ကို လျော့ချနိုင်မယ်လို့ ဆိုကြပါတယ်။ 

စစ်ကိုင်းဒေသခံ နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဥ်တွေ (ဂျက်ဖိုက်တာ)၊ Mi-ရဟတ်ယာဉ်တွေ၊ စက်တပ်လေထီး(ပါရာမိုတာ)၊ ဆူဆိုက်ဒရုန်းနဲ့ ဒရုန်းတွေ တိုက်ခိုက်တာတွေကို တုံ့ပြန်ဖို့ခက်ပေမယ့် ဗုံးခိုကျင်းတွေ ပြုလုပ်ထားတာ၊ ပြည်သူမှ ပြည်သူသို့ အသိပေးတာတွေ လုပ်ဆောင်ပြီး ကြိုတင်ကာကွယ်နိုင်တယ်လို့ အကြံပြုပါတယ်။ 

စစ်ကောင်စီတပ်က တိုက်ခိုက်ဖို့ လွှတ်တင်လိုက်တဲ့ ဒရုန်းအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ ဒရုန်းကြည့်ကင်းတွေထားပြီး အချက်ပြပေးနိုင်တဲ့ သမားရိုးကျနည်းနဲ့ ကာကွယ်မယ့်နည်းလမ်းတွေ လုပ်သင့်တယ်လို့ ကိုစိုးဝင်းဆွေက ဆိုပါတယ်။ 

"ဒရုန်းစလွှတ်လိုက်တဲ့ စခအထိုင်အနီးတဝိုက်က ဒရုန်းတွေ တက်လာတာကို ကြိုသိနိုင်မယ်၊ ကြိုသတင်းပေးပို့ပြီး ဘေးလွတ်ရာကို ကြိုရှောင်ရှားနိုင်မယ်" လို့ သူက ဆိုပါတယ်။

ယင်းမာပင်ခရိုင်အမှတ်-၂၇ တပ်ရင်းမှ ရဲဘော်တဦးကလည်း ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေကို တူးထားပြီး လေယာဉ်တက်လာတာတဲ့အခါ ဘယ်အရပ်ကို ဦးတည်နေတယ်ဆိုတာကို သိနိုင်ပါက ကြိုတင်ပုန်းခိုရှောင်ရှားခြင်းနဲ့ ထိခိုက်မှုဘေးအန္တရာယ်ကို လျော့ချနိုင်မယ်လို့ ဆိုပါတယ်။   

လေကြောင်းကနေတိုက်ခိုက်ခံရတဲ့အခါ  ဗုံးခိုကျင်းမရှိကြတာ၊ လေကြောင်းသတင်းတွေကို အချိန်မီ မရရှိတာတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ဒါကြောင့် စစ်ကောင်စီရဲ့ လေကြောင်းသတင်းတွေ အချိန်မီရနိုင်ဖို့ မြေပြင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဆက်သွယ်ရေးစကားပြောစက် ချိတ်ဆက်မှုတွေလုပ်ပြီး ကျေးရွာတိုင်းမှာ အချက်ပေးစနစ် တည်ဆောက်သင့်တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)မှ တာဝန်ရှိသူတဦးက အကြံပြုပါတယ်။ 

အဲဒီလို လေကြောင်းသတင်းရရှိနိုင်ဖို့ မြေပြင်တော်လှန်ရေးအင်အားစု ချိတ်ဆက်မှုတွေလုပ်ပြီးမှ စနစ်ကျတဲ့ ဗုံးခိုကျင်းတူးတာမျိုးတွေ ထပ်လုပ်သင့်တယ်လို့ သူကဆိုပါတယ်။ 

Burma Liberation Democratic Front-BLDF မှ နိုင်ငံရေးမှူး ရဲဘော်ဖိုးမောင် က တော်လှန်ရေးအင်အားစုတွေအနေနဲ့ လေယာဥ်ပစ်လက်နက် ထုတ်လုပ်နိုင်ဖို့ နည်းပညာပိုင်းဆိုင်ရာနဲ့ ငွေကြေးအခက်အခဲတွေရှိတာကြောင့် ဗုံးခိုကျင်း၊ ကတုတ်ကျင်း၊ တူးမြောင်းစတာတွေနဲ့ လေကြောင်း အန္တရာယ်ကိုကာကွယ်တာက ပိုပြီးလက်တွေ့ကျတယ်လို့ ပြောပါတယ်။

အညာဒေသအတွက် ဒီလိုကာကွယ်ခြင်းကသာ ထိရောက်တဲ့နည်းလမ်းဖြစ်ကြောင်း အခုလို ဆက်ပြောပါတယ်။

"ထိခိုက်ဒဏ်ရာရ သေဆုံးမှု၊ အစုလိုက် အပြုံလိုက် ထိခိုက်သေဆုံးတာမျိုးလိုတွေကိုတော့ အတိုင်းအတာ တခုလောက် လျော့ချနိုင်မယ်"

#မြေလတ်အသံ

#သတင်းဆောင်းပါး #အညာလေကြောင်း #ဗုံးခိုကျင်း #ကာကွယ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10