ဗုံးသီးကျပေါက်ကွဲလို့ သေဆုံးသွားတဲ့ အလောင်းကို လာသယ်သူပါ ရုတ်တရက်သေဆုံး

ဗုံးသီးကျပေါက်ကွဲလို့ သေဆုံးသွားတဲ့ အလောင်းကို လာသယ်သူပါ ရုတ်တရက်သေဆုံး

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာမှာ နေအိမ်ပေါ်ဒရုန်းဗုံးကျပြီး အမျိုးသားတဦးသေဆုံးခဲ့ကာ အလောင်းနားကိုလာတဲ့ နောက်ထပ်အမျိုးသားတဦးလည်း ရုတ်တရက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၄ ရက် မနက် ၇ နာရီခန့်မှာ သူရဲသမိန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ချိန်မှာ ရဲစခန်းအနီးကနေအိမ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတွေ သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

ဗုံးစထိမှန်ပြီး အသက် ၄၀ ကျော်အရွယ် ကိုသွယ် (ခ) တင့်လွင်ရဲ့ရင်ဘတ်ကို ကျည်စဖောက်ဝင် သေဆုံးပြီး ကိုသွယ်ရဲ့ယောက်ဖဖြစ်သူ အသက် ၅၀ အရွယ် ကိုဖြူ (ခ) ဦးစိုးသူကလည်း အလောင်းကိုလာကြည့်ချိန်မှာ ရုတ်တရက်လဲကျသေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

"ဒရုန်းဗုံးသီးကျတာ၊ အိမ်ပေါ်ကိုကျတာ (ကိုသွယ်က) ရင်ဘတ်ကပွင့်ထွက်သွားတယ်ပြောတယ်။ အဲ့ဒါကို ငဖြူကပွေ့ချီတာ။ သေသွားတဲ့အလောင်းကိုပွေ့ချီရင်း လန့်ပြီးသေသွားတာ။” လို့ ဒေသခံတဦးကပြောပါတယ်။

ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လုပ်ဆောင်တာမဟုတ်ဘဲ ဘယ်အဖွဲ့လုပ်ဆောင်တယ်ဆိုတာကိုတော့ စုံစမ်းနေတယ်လို့ ပြောပါတယ်။

ကိုသွယ်တို့နေအိမ်အပြင် အုပ်ချုပ်ရေးမှူးရုံးနဲ့ ဘုန်းကြီးကျောင်းကြားက နေရာကိုလည်း ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ကာ အဲ့ဒီနေရာတွေမှာတော့ လူထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

သူရဲသမိန်ရဲစခန်းဟာ ရွာရဲ့တောင်ဘက်ခြမ်းမှာရှိပြီး အုပ်ချုပ်ရေးမှူးရုံးကတော့ ကျေးရွာမြောက်ပိုင်းမှာရှိတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #ဗုံးသီချတိုက်ခိုက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10