သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ် ၁၅ ရက်က စတင်ကာဆင်နွှဲခဲ့တာဖြစ်ပြီး ၂ လနီးပါးအကြာ အောက်တိုဘာ ၈ ရက်မှာ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်မျိုးစုံနဲ့ အကြိမ်ရေ ၆၇၀ ကျော်၊ ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦးခန့် သေဆုံး၊ စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိခဲ့ပြီး ၂၇၅ ဦးပျောက်ဆုံး၊ စိုးရိမ်ရဒဏ်ရာ ၆၀ ဦးအပါအဝင် ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အလင်းဝင်ရောက်လာသူ ၄၈ ဦးရှိတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဒါ့အပြင် မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲယမ်းမီးကျောက်အမြောက်အမြားနဲ့ ဆက်စပ်ပစ္စည်းတွေအပြင် စစ်ကောင်စီတပ်တွေ အဓိကအခြေပြုနေတဲ့ ပင်လည်ဘူး ရဲစခန်းအတွင်းက ဘိန်းမဲအထုပ် ၁၈ ထုပ် (ခန့်မှန်း ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) ၁,၃၅၂ ခု၊ ဘိန်းဖြူ (အထုပ်သေး) ၁,၂၈၅ ခု သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအတွင်း ယခင်အခြေချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအပြင် ခြေလျင်ခြေမြန်တပ်ရင်း ၁၀ ရင်း၊ ရဲ နဲ့ SNA တပ်မဟာ ၆၁၄ တွေက ပူးပေါင်းအင်အား ၇၇၂ ဦးကို Mi 17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်နဲ့ ၂၁ ကြိမ် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူးကွပ်ကဲမှုနဲ့ "က" သုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင်ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ်(၁)စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှားတပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း ၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင်တပ်ရင်း ၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ စစ်ကိုင်းတိုင်းဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့ နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ်(၁)စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့ နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့က ၅၄ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #ကောလင်း #ပင်လည်ဘူး #မြို့သိမ်းတိုက်ပွဲ
Share Share Share