ဗုံးသံ သေနတ်သံတွေကြားက မြေလတ်ဒေသ သင်္ကြန်မှတ်တမ်း

ဗုံးသံ သေနတ်သံတွေကြားက မြေလတ်ဒေသ သင်္ကြန်မှတ်တမ်း

မြန်မာနိုင်ငံမှာ နှစ်စဉ်အစဉ်အလာမပျက် ကျင်းပလေ့ရှိတဲ့ မြန်မာ့ရိုးရာသင်္ကြန်ကတော့ ပြီးသွားခဲ့ပါပြီ။ အာဏာရှင်တွေရဲ့ လက်အောက်မှာ ကျင်းပခဲ့ရတာဖြစ်လို့ ဒီနှစ် ၂၀၂၃ သင်္ကြန်ဟာ ချစ်စရာ၊ ပျော်စရာကောင်းတဲ့ မြန်မာ့ရိုးရာသင်္ကြန်တော့ မဟုတ်ခဲ့ပါဘူး။ လုံခြုံရေးတွေ တင်းကျပ်စွာချထားပြီး ကျင်းပခဲ့ရတဲ့ သင်္ကြန်ဖြစ်သလို ဗုံးသံ၊ သေနတ်သံတွေကြားထဲက ကျင်းပခဲ့ရတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပဲ ဖြစ်ခဲ့ပါတယ်။
 
အာဏာသိမ်းစစ်အုပ်စုတွေနဲ့ သူတို့ကိုထောက်ခံတဲ့သူတွေဟာ တိုင်းပြည်သာယာဝပြောပြီး ပြည်သူတွေ ပျော်ရွှင်နေကြတယ်ဆိုတဲ့ ပုံရိပ်ကို ပြလိုတဲ့အတွက် သင်္ကြန်ကို စည်စည်ကားကား ကျင်းပလိုကြပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတာ၊ ဘဝတွေပျက်ခဲ့ရတာတွေကို ထောက်ထားပြီး မပျော်ရွှင်ကြတဲ့ ပြည်သူတွေနဲ့ အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေကလည်း အာဏာရှင်ကျင်းပမယ့် သင်္ကြန်ကို လုံးဝ မလိုလားပါဘူး။
 
ဒီနှစ်ခုရဲ့ အားပြိုင်မှုကြားမှာ မြေလတ်ဒေသက သင်္ကြန်ဟာ လုံခြုံရေးအပြည့်ချထားပြီး ကျင်းပခဲ့ကြသလို ဗုံးသံ၊ သေနတ်သံတွေ ဆူညံခဲ့ပါတယ်။
 
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ ကျင်းပခဲ့တဲ့ ပြည်သင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲဆိုရင် မဏ္ဍပ်မဖွင့်ခင် တရက်အလိုကတည်းက စစ်သားတွေ၊ ရဲတွေဟာနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ကြိုတင်ချထားခဲ့ရတာပါ။
 
ဖွင့်ပွဲကျင်းပတဲ့နေ့မှာလည်း မြို့တွင်းလမ်းတွေကို ပိတ်ထားပြီး အရပ်ဝတ်၊ ယူနီဖောင်းဝတ်ထားတဲ့ လုံခြုံရေးအင်အား ၅၀ လောက်နဲ့ ဖွင့်ပွဲကို ခဲခဲရင်းရင်း လုပ်ခဲ့ရတာပါ။ ဒါပေမဲ့ ပုံမှန်ဆိုရင် လူတိုးမပေါက်ခဲ့တဲ့ ပြည်သင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲဟာ အာဏာရှင်လက်အောက်မှာတော့ သူတို့ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့သာ ခြောက်ခြောက်ကပ်ကပ်ပဲ ဖွင့်ခဲ့ရတယ်လို့ ပြည်မြို့ဒေသခံတွေက ဆိုပါတယ်။
 
အာဏာမသိမ်းခင်ကဆိုရင် ပြည်မြို့ပေါ်က ရပ်ကွက်တွေ၊ လမ်းတွေမှာ မိသားစုမဏ္ဍပ်တွေထိုးပြီး သင်္ကြန်ကို ပျော်ပျော်ပါးပါး ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကတော့ အဲဒီမြင်ကွင်းတွေဟာ မတွေ့ရသလောက် ဖြစ်သွားပါပြီ။
 
ပေါင်းတည်မြို့က သင်္ကြန်ဗဟိုမဏ္ဍပ်ဆိုရင် သင်္ကြန်မကျခင် ဧပြီလ ၉ ရက် မဏ္ဍပ်ဆောက်လုပ်ဆဲအချိန်မှာပဲ ဗုံးခွဲခံခဲ့ရပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ လမ်းတွေကို ပိတ်ပစ်လိုက်တယ်။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေကို ဝင်ခွင့်မပေးတော့ဘဲ လမ်းလျှောက်ခိုင်းတယ်။ လုံခြုံရေးတင်းကျပ်စွာချထားပြီး စစ်ဆေးရေးတွေ လုပ်တယ်။ အဲဒီလိုနည်းနဲ့ပဲ ပေါင်းတည်သင်္ကြန် ဗဟိုမဏ္ဍပ်ကို ဖွင့်လှစ်ခဲ့ရပါတယ်။
 
အဲဒီလို လုံခြုံရေးတွေ တင်းကျပ်ထားပြီး ဗုံးပေါက်ကွဲမှုတွေလည်း ဖြစ်ခဲ့တာကြောင့် ကလေးတွေကလွဲလို့ ပေါင်းတည်မြို့ပေါ်မှာ ရပ်ကွက်မဏ္ဍပ်တိုးသူတွေလည်း မရှိသလို ရေကစားသူတွေလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
 
မနှစ်တုန်းကဆိုရင် သင်္ကြန်နောက်ဆုံးရက် အတက်နေ့၊ ပေါင်းတည်သင်္ကြန်မဏ္ဍပ်အနီးမှာ ဗုံးပေါက်ခဲ့လို့ ရေကစားသူ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါသေးတယ်။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ သုံးဆယ်မြို့က WE LOVE THONZE သင်္ကြန်ရေကစားမဏ္ဍပ်မှာတော့ ဧပြီလ ၁၅ ရက် ည ၉ နာရီ ဖျော်ဖြေရေးလုပ်နေတဲ့အချိန် ဗုံးပေါက်ကွဲခဲ့တာကြောင့် လုံခြုံရေးယူထားတဲ့ ရဲဝန်ထမ်း ၁ ယောက်သေပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
 
အဲဒီတိုက်ခိုက်မှုကို သာယာဝတီဂဠုန်အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး လုံခြုံရေးရဲတွေကို ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အဲဒီအဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ကိုဥက္ကာက ဆိုပါတယ်။
 
ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေက ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ပြီး ပြည်သူတချို့ကိုလည်း ရိုက်နှက်ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အလားတူ ပဲခူးတိုင်း အုတ်ဖိုမြို့၊ မြို့မရဲစခန်းကိုလည်း ဧပြီလ ၁၄ ရက်၊ သင်္ကြန်အကျနေ့ ည ၁၀ လောက်မှာ မြေအောက် ပြောက်ကျားတပ်ဖွဲ့ (သာယာဝတီခရိုင်တပ်ရင်း- ၃၈၀၂- တပ်ခွဲ-၄)က ၄၀ မမ လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
 
အဲဒီပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းတာဝန်ခံ ဗိုလ်တောက်တဲ့က “သင်္ကြန်အကြိုနေ့ကတည်းက ကျောင်းရှေ့က မဏ္ဍပ်ကို ပစ်ဖို့ပါ။ ကလေးတွေရှိနေတော့ မပစ်တော့ဘူး။ အကျနေ့ညပိုင်းမှ အုတ်ဖိုရဲစခန်းထဲ တိတိကျကျ ၄၀ (မမ)တလုံး ပတ်ခတ်တိုက်ခိုက်ခဲ့တယ်” လို့ ရှင်းပြပါတယ်။
 
အဲဒီပစ်ခတ်မှုကြောင့် သေဆုံး ဒဏ်ရာရတဲ့အခြေအနေကို မသိရပေမယ့် ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်မှာ မြို့ခံ ၆ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး နောက်ရက်မှာ တယောက်ကို အာမခံနဲ့ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
 
လက်ပံတန်းမြို့က သင်္ကြန်ဗဟိုမဏ္ဍပ်မှာတော့ စစ်ကောင်စီထောက်ခံသူအချင်းချင်း စကားများရန်ဖြစ်ကြတာကို မဏ္ဍပ်စောင့် လုံခြုံရေးတွေက သေနတ်တွေ ပစ်ဖောက်ပြီး လူစုခွဲရတဲ့ ပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်။
 
ကခုန်ကြရင်း ရန်ဖြစ်တဲ့လူငယ်လေးယောက်ကိုတော့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ပြီးတော့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက်ပိုင်းမှာ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်နဲ့ ရဲစခန်းဂိတ်တွေမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
ပဲခူးတိုင်းဒေသတွင်းမှာ သင်္ကြန်ကာလကို အထက်ပါအတိုင်း ဖြတ်သန်းခဲ့ရသလို တိုက်ပွဲတွေပြင်းထန်လေ့ရှိတဲ့ မကွေးတိုင်းမှာလည်း မြန်မာ့ရိုးရာသင်္ကြန်ဟာ ပျော်စေရာ မကောင်းခဲ့သလို စည်ကားမှုလည်း မရှိခဲ့ပါဘူး။
 
မကွေးတိုင်း၊ ချောက်မြို့က သင်္ကြန်မဏ္ဍပ်တခုမှာ ဧပြီလ ၁၄ ရက်၊ သင်္ကြန်အကျနေ့က ဗုံးပေါက်ကွဲခဲ့လို့ အနီးပတ်ဝန်းကျင်က ဆိုင်ခန်းတံခါးတွေရဲ့မှန်တွေ ပျက်စီးခဲ့ပါသေးတယ်။ ရေကစားနေသူတွေ ထိခိုက်မှုမရှိခဲ့တာကလည်း ဗုံးထောင်ထားတာကို တွေ့လို့ ရဲစခန်းကို အကြောင်းကြားခဲ့ရာမှာ စစ်ကောင်စီရဲဝန်ထမ်းတွေ ရောက်လာပြီး ထောင်ထားတဲ့ဗုံးကို ဝါးလုံးအရှည်နဲ့ ထိုးလိုက်တာကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
 
ချောက်မြို့ပေါ်မှာတော့ ရေကစားသူ မရှိသလောက်ဖြစ်ပြီး ဗိုလ်အိမ်နံပါတ် ၆၀ က မဏ္ဍပ်တခုနဲ့ ဗဟိုမဏ္ဍပ်တခု စုစုပေါင်း မဏ္ဍပ်နှစ်ခုသာ ရှိပါတယ်။ ဗဟိုမဏ္ဍပ်မှာဆိုရင် လမ်းနှစ်ဘက်စလုံးကို ပိတ်ထားပြီး စစ်ကောင်စီလုံခြုံရေးအဖွဲ့တွေက အမျိုးသား ၂ ယောက်စီးတဲ့ဆိုင်ကယ်တွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
တော်လှန်ရေးအဖွဲ့တွေက စစ်ကောင်စီကကျင်းပမယ့် သင်္ကြန်ကို တိုက်ခိုက်မှုတွေ လုပ်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဝေးဝေးနေကြဖို့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့တာရှိပါတယ်။ ပြီးတော့ သင်္ကြန်ရက်မှာ တကယ်လည်း တိုက်ခိုက်မှုတွေကို လုပ်ခဲ့ပါတယ်။
 
ဒီအချက်ကိုသတိပြုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုတွေဟာ သူတို့ရဲ့မြန်မာ့ရိုးရာသင်္ကြန်ကို တပ်တွင်းထဲမှာပဲ အကျဉ်းချုံ့ ကျင်းပခဲ့ကြရပါတယ်။
 
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့်ရွာမှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်ရင်း ခလရ (၁) တပ်ရင်းဆိုရင် သူတို့ရဲ့ သင်္ကြန်မဏ္ဍပ်ကို တပ်ရင်းထဲမှာပဲ ဆောက်လုပ်ပြီး လူအဝင်အထွက်တွေကို ပိတ်ဆို့ကာ ကျင်းပခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အရင်နှစ်တွေကဆိုရင် တပ်အဝင် မုဒ်ဦးအဝမှာ သင်္ကြန်မဏ္ဍပ်ထိုးပြီး စည်စည်ကားကားကျင်းပခဲ့တာဖြစ်ပါတယ်။
ခလရ (၁) တပ်ဟာ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းတခုဖြစ်ပြီး ကရင်နီပြည်နယ်အတွင်း တိုက်ခိုက်ရေး ဝင်ရောက်နေရကာ စစ်သားကျဆုံးမှုတွေများနေတဲ့ တပ်ရင်းလည်း ဖြစ်ပါတယ်။ နောက်တန်းမှာ အင်အား မလုံလောက်တာတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိန်းမတွေအပြင် သား၊သမီးတွေကို စစ်သင်တန်းပေးပြီး လုံခြုံရေးအတွက် လိုအပ်သလို အသုံးပြုနေရတဲ့ တပ်ရင်းတရင်းလည်း ဖြစ်ပါတယ်။
 
လုံခြုံရေးစိုးရိမ်တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် မိသားစုတွေဟာ သူတို့ရဲ့သင်္ကြန်မဏ္ဍပ်တွေကို တပ်တွင်းမှာ ဆောက်လုပ်ပြီး သင်္ကြန်ကိုပျော်ပါးခဲ့ကြပေမယ့် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဖူလုံရွာအနီးက ခလရ ၂၅၇ တပ်ရင်းရဲ့ သင်္ကြန်မဏ္ဍပ်ကတော့ တပ်တွင်းထဲမှာ ဆောက်ထားပေမယ့် လက်နက်ကြီးနဲ့ တိုက်ခိုက်တာကို ခံလိုက်ရပါတယ်။
 
တပ်တွင်းသင်္ကြန်မဏ္ဍပ်မှာ တပ်မိသားစုဝင်တွေ ပျော်ပါးနေတဲ့အချိန် ဧပြီလ ၁၄ သင်္ကြန်အကျနေ့ မနက် ၉ နာရီခန့်မှာ လက်နက်ကြီး အလုံး ၃၀ လောက်နဲ့ ပစ်ခတ်ခံလိုက်ရတာပါ။ လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် တပ်တွင်းအခြေအနေကို အတိအကျမသိရသေးဘူးလို့ တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
 
ဒီတိုက်ခိုက်မှုကို မကွေးတိုင်းထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၄ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အညာဒေသမှာ ဒီနှစ်အတွက် အစည်းကားဆုံး သင်္ကြန်မဏ္ဍပ်ကတော့ မုံရွာမြို့ရဲ့ သင်္ကြန်ဗဟိုမဏ္ဍပ်လို့ပဲ ဆိုရမှာပါ။ စစ်ကောင်စီဟာ အခုလို စည်စည်ကားကားဖြစ်အောင် ရုပ်ရှင်သရုပ်ဆောင် မင်းသမီး၊ မင်းသားတွေကို ငွေကြေး အကုန်အကျခံပြီး ငှားရမ်းခဲ့တာဖြစ်ပါတယ်။
 
မုံရွာမြို့ရဲ့ သင်္ကြန်ဗဟိုမဏ္ဍပ်မှာ လာရောက်ဖျော်ဖြေတဲ့ သရုပ်ဆောင်တွေထဲမှာ ရန်အောင်၊ မေသန်းနု၊ စိုးသူ၊ စိုးမြတ်နန္ဒာ၊ ခန့်စည်သူ၊ မေသဉ္ဖာဦး၊ ခရစ္စတီးနားတို့အပြင် တခြားအနုပညာရှင်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဗဟိုမဏ္ဍပ်မှာ ဒီလိုစည်စည်ကားကား ကျင်းပနိုင်ဖို့ကို ကန်သာယာပတ်ချာလည်မှာ လုံခြုံရေးများစွာ ချထားခဲ့ရပြီး လမ်းတွေကိုလည်း ပိတ်ဆို့ကာ ကျင်းပခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
အဲဒီမဏ္ဍပ်မှာလည်း တခြားအပြင်သူမရှိဘဲ သူတို့ဝန်ထမ်းတွေသာ အဝင်ခံပြီး လုံခြုံရေးကို တင်းတင်းကျပ်ကျပ်လုပ်ပြီးမှ ကျင်းပခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ဝန်ထမ်းတွေ အခုလို ပျော်ပါးနိုင်ဖို့ကို သင်္ကြန်မဏ္ဍပ်နဲ့သင်္ကြန်ပွဲအတွက် ကုန်ကျစရိတ်တွေကို စစ်ကောင်စီဟာ မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်တွေထံက တဦးကို ကျပ် ၃ သိန်းကနေ ၅ သိန်းအထိ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။
 
စစ်ကောင်စီက အခုလိုကောက်ခံတာဟာ မုံရွာမြို့တခုတည်းမှာသာ မဟုတ်ဘဲ စစ်ကောင်စီဗဟိုမဏ္ဍပ် ဆောက်လုပ်တဲ့မြို့တိုင်းမှာ ကောက်ခံခဲ့တာဖြစ်ပါတယ်။ တချို့မြို့တွေမှာဆိုရင် မဲလက်မှတ်တွေရောင်းပြီး ရံပုံငွေရှာတာ၊ လောင်းကစားဝိုင်းတွေ ကျင်းပခွင့်ပြုပြီး ငွေကြေးကောက်ခံတာစတဲ့ အဓမ္မနည်းတွေသုံးပြီး သင်္ကြန်ကို စည်းစည်းကားကား ကျင်းပနိုင်ဖို့အတွက် ငွေရှာခဲ့ကြပါတယ်။
 
တကယ်တော့ ပျော်စရာ၊ ချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာသင်္ကြန်ဟာ စစ်အာဏာရှင်လက်အောက်မှာ ကြောက်စရာ၊ ခြောက်ခြားစရာ၊ စိုးရိမ်စရာ၊ ရွံစရာ၊ မုန်းစရာကောင်းတဲ့ သင်္ကြန်အဖြစ် ပြောင်းလဲသွားတယ်လို့ ဆိုရမှာပါ။
လာမယ့်နှစ်တွေမှာ မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ မြန်မာ့ရိုးရာသင်္ကြန်ကို ပြန်လည်ကျင်းပနိုင်ဖို့ကတော့ စစ်အာဏာရှင်တွေကို အပြတ်ရှင်းပြီး တော်လှန်ရေးကြီး အောင်မြင်မှဖြစ်မယ်ဆိုတာ ဒီနှစ်ကျင်းပခဲ့တဲ့ မြေလတ်ဒေသက သင်္ကြန်တွေက သက်သေထူနေပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10