သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ဘေးဒဏ်ကနေ လွတ်ရာလွတ်ကြောင်း ရှောင်နေကြရတဲ့ ကောလင်းမြို့နယ် နေရာတနေရာမှာ ဝါးကြမ်းခင်း၊ မြက်သက္ကယ်တွေ ကာရံမိုးထားပြီး သေးငယ်လှတဲ့ မြေစိုက်တဲလေးထဲ ပလပ်စတစ်လက်ဆွဲခြင်းတွေ ချိတ်ဆွဲလျှက်တချို့နဲ့ ရက်လုပ်လက်စတချို့ က နေရာယူထားကြပါတယ်။
ဆယ်ပေပတ်လည်သာသာ ဝါးကြမ်းခင်းတခုပေါ်မှာပဲ နေ့လယ်နေ့ခင်းမှာ အလုပ်လုပ်ရာနေရာအဖြစ်နဲ့ ညမှာဆိုရင်တော့ ကျောခင်းအိပ်စက်ရာအဖြစ် အသုံးပြုကြပါတယ်။ ဝတ်စရာအဝတ်အစားအနည်းငယ်ကို စက္ကူဂျပ်ဖာပုံးလေးထဲမှာ ထည့်သိုထားပြီး တဖက်ခြမ်းမှာတော့ မီးဖိုချောင်အဖြစ် မြေပြင်မှာပဲ မီးဖိုတခုရှိကာ စားအိုးစားခွက်တွေကို ဝါးစင်မှာချိတ်ဆွဲခင်းကျင်း ထားပါတယ်။
ဒါဟာ မိသားစုတစုအတွက် အဓိကလိုအပ်ချက်တွေထဲက မရှိမဖြစ်အနည်းငယ်သာသာပါ။ အဲဒီတဲငယ်မှာတော့ အဝတ်တထည်ကိုယ်တခုနဲ့ စစ်ရှောင်လာခဲ့ရပြီး ၈ လကြာအောင် နေရပ်ပြန်ခွင့်မရသေးတဲ့ ကျောင်းသား ၁ ဦးပါဝင်တဲ့ မလှမေတို့ မိသားစုဝင် ၃ ဦးနေထိုင်ပါတယ်။
သူတို့မိသားစုကတော့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အနောက်ခြမ်းမှာ စစ်ရှောင်နေကြရတဲ့ ဒေသခံပြည်သူ ၂ သောင်းကျော်ထဲက မိသားစုတစုပါပဲ။
လက်ရှိကာလ(၂၀၂၄ ခုနှစ် ဇူလိုင်လ)အထိ နေရပ်မပြန်နိုင်ကြသေးဘဲ ပိုပိုတိုးလာနေတဲ့ စစ်ရှောင်အရေအတွက်ကြောင့် သူတို့တွေရဲ့ စားဝတ်နေရေး ပြဿနာဟာလည်း ပိုလို့ခက်ခဲကျပ်တည်းလာပြီး စစ်ရှောင်သူများကို ကူညီထောက်ပံ့လှူဒါန်းသူ အရေအတွက်ကတော့ တိုးမလာဘဲ လျော့ကျလာတယ်လို့ စစ်ရှောင်ကူညီကယ်ဆယ်နေသူတွေက ပြောလာကြပါတယ်။
ရသလောက်ကိုသာ မျှဝေကြရတဲ့အတွက် ယခင်က ထမင်းတရက်စာ ထောက်ပံ့နိုင်တဲ့အခြေအနေမှာ ယနေ့အချိန်မှာတော့ ထမင်းတနပ်စာ၊ ယခင်က အိမ်ထောင်စုအများအပြားကို ဆီ ၁ လီတာပေးနိုင်ရာကနေ အိမ်ထောင်စုအနည်းငယ်ကိုပဲ အလှည့်ကျပေးဝေနေရတာတွေ ပြုလုပ်လာရပြီး လျှော့ချဝေငှပေးနေရတာပါ။
ဒီလိုအခြေအနေမှာပဲ စစ်ရှောင်တွေဟာ ရောက်တဲ့နေရာ၊ ရလာတဲ့အခြေအနေပေါ်ကို မူတည်ပြီး ဘဝရှင်သန်ရပ်တည်ရေးအတွက် ကြိုးစားဖြတ်သန်းနေကြရပါတယ်။ တချို့ကလည်း နီးစပ်ရာရွာတွေမှာ ကြုံရာကျပန်းဝင်လုပ်ကြတာအပြင် ပျိုးနှုတ်၊ ပေါင်းထိုး၊ ကောက်စိုက်နဲ့ ရာသီပေါ်သီးနှံစိုက်ခင်းတွေမှာ လုပ်သားအနေနဲ့ ဝင်ရောက်လုပ်ကိုင်နေကြရပါတယ်။ တချို့ကတော့ တောတိုး၊ မျှစ်ချိုး၊ မှိုနှုတ်၊ ဝါးခုတ်ကြပါတယ်။
အဲဒီလိုဘဝကိုဖြတ်ကျော်ရင်ဆိုင်နေကြတဲ့ စစ်ရှောင်တွေထဲကမှ စွန့်ပစ်ပစ္စည်းနဲ့ဗူးခွံတွေကို ကောက်ရောင်းရင်း ရရှိလာတဲ့ငွေနဲ့ ပလပ်စတစ်ရောင်စုံကြိုးတွေကိုဝယ်ယူကာ လက်စွဲခြင်းတွေကိုရက်လုပ်ပြီး ရောင်းချတဲ့ အလုပ်ကို မလှမေတို့ စတင်လုပ်ကိုင်ခဲ့တာပါ။
“တသက်နဲ့တကိုယ် ဒီလိုဗူးခွံကောက်စားရမယ်လို့ တွေးတောင်မတွေးဖူးဘူး။ အခုမှ ဗူးခွံကောက်စားရတဲ့ဘဝကိုရောက်တာ။ ဗူးခွံကောက်စားရတာလည်း ကိုယ်သိတဲ့အတိုင်းမဟုတ်တော့ အဆင်မပြေဘူးလေ။” လို့ မလှမေက ဆိုပါတယ်။
သူမက ပလပ်စတစ်ကြိုးတွေနဲ့ ရက်လုပ်တဲ့ အလှခြင်းတွေ၊ လက်ဆွဲခြင်းတွေနဲ့ အခြား လက်မှုပစ္စည်းလေးတွေ၊ တံမြတ်စည်းတွေကို ရက်လုပ်တဲ့အတတ်ပညာကို တတ်မြောက်ထားပေမယ့် စစ်ဘေးရှောင်လာရချိန်မှာတော့ ခြင်းရက်လုပ်ရာမှာသုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေနဲ့ အရင်းအနှီးတွေအားလုံးဟာ နေအိမ်မှာပဲထားပစ်ခဲ့ရပါတယ်။
အရင်းအနှီးမရှိတော့တဲ့ သူမတို့ မိသားစုဟာ စွန့်ပစ်ဗူးခွံလိုက်ကောက်ကြဖို့ ဆုံးဖြတ်လိုက်ကြပြီး အဲဒီကရတဲ့ငွေနဲ့ ကုန်ကြမ်းတွေကိုဝယ်ယူခဲ့ကြပါတယ်။ ဗူးခွံကောက်တဲ့အလုပ်ကို မလုပ်ဖူးတဲ့အတွက် အစပိုင်းမှာတော့ အခက်ခဲရှိခဲ့ပါတယ်။
တဗူးမှ ၃၀၊ ၄၀ ကျပ်သာရတဲ့ အချိုရည်ကော်ဗူးခွံတွေနဲ့ အခြား ပုလင်းခွံ တွေကိုလိုက်လံကောက်ယူရတာ ဖြစ်တဲ့အတွက် ငွေများများစားစားရဖို့ မလွယ်သလို လုပ်နေကျအလုပ်မဟုတ်တဲ့အတွက် အလုပ်မတွယ်ကျယ်ပါဘူး။ ခြင်းတောင်းတတောင်းရက်လုပ်နိုင်တဲ့ အရင်းအနှီးရဖို့ ဗူးခွံလိုက်ကောက်ရတာ မသက်သာဘူးလို့ ဆိုပါတယ်။
ဒါပေမယ့်လည်း ကြိုးစားလုပ်ကိုင်ကြတာမှာ လက်ဆွဲခြင်းတောင်း ၄၊ ၅ လုံး ရက်လုပ်နိုင်တဲ့ အခြေအနေရောက်တဲ့အထိ ရင်းနှီးနိုင်ပါပြီ။ တဖက်မှာလည်း တံမြတ်စည်းရက်လုပ်တာ၊ ဗူးခွံကောက်တာတွေကို ဆက်လုပ်နေပါသေးတယ်။
“ခြင်းတောင်းပစ္စည်း အရင်းအနှီးတွေကလည်း မြို့ထဲမှာကျန်ခဲ့တော့ ဘာမှမပါလာဘူး။ အဝတ်တထည်ကိုယ်တခုနဲ့ လာခဲ့တာ။ စစမတည်တာတော့ ဗူးခွံကောက်တာလေးနဲ့ တလုံးနှစ်လုံး မတည်တာ။” လို့ သူမရဲ့ လက်မှုလုပ်ငန်းအစ ပြန်လည်လုပ်ဖြစ်ပုံကို မလှမေက ပြောပါတယ်။
ခြင်းတောင်းတွေရက်လုပ်ရာမှာသုံးတဲ့ ရောင်စုံပလပ်စတစ်ကြိုးပြားတွေဟာ မြို့ပေါ်မှာပဲ ဝယ်ယူလို့လွယ်ကူ တာဖြစ်ပြီး စစ်ရှောင်နေရတဲ့ နေရာတွေမှာ ဝယ်ယူတဲ့အခါမှာ ဈေးပိုကြီးတယ်လို့ ဆိုပါတယ်။
အရင်းနှီးနည်းပါးနေသေးတဲ့အတွက် အလုပ်ကိုတွင်တွင်ကျယ်ကျယ်မလုပ်နိုင်သေးဘဲ ဈေးဆိုင်တွေက မှာထားတာတွေကို မပေးနိုင်သေးဘူးလို့ ပြောပါတယ်။
“အရင်းအနှီးမရှိတဲ့အခါကျတော့ အရင်းနှီးရှိရင်တော့ဝယ်လို့ရတယ်။ လုပ်ချင်တာမှ တွင်တွင်ကျယ်ကျယ်လေး များများစားစားလေးပေါ့။ အော်ဒါလေးတွေဘာလေး အခုဆိုရင်တောင် ဟိုဘက်ဆိုင်တွေကမှာထားတာ ။ ဒါတောင် အဆုံးမသတ်ရသေးဘူး။” လို့ ရက်လုပ်လက်စခြင်းတောင်းတွေ ကြားကနေ လက်ညှိုးထိုးပြရင်း မလှမေ က ဆိုပါတယ်။
မလှမေက သူကိုယ်တိုင်ရက်လုပ်ထားတဲ့ ခြင်းတောင်းတွေကို ပိုမိုရောင်းချနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်။ လက်ဆွဲခြင်းတောင်းအကြီးတလုံးဟာ ၈ ထောင်ကျပ်ခန့် ရောင်းရတာပါ။ အရင်းအနှီးများများရှိလာမယ်ဆိုရင်တော့ အော်ဒါမှာယူထားသူတွေကို ရောင်းချနိုင်မှာပါ။
သူမမိသားစုဘဝအတွက် ရုန်းကန်နေသလို ဘဝတူစစ်ရှောင်တွေအတွက်လည်း မလှမေက စိုးရိမ်ပူပန်နေပါတယ်။ ကူညီထောက်ပံ့သူတွေလာတဲ့အခါမှာ စစ်ရှောင်တွေအားလုံးကို ထပ်ထပ်ပြီးကူညီကြဖို့ မမေ့မလျော့ပြောဆို တတ်ပါတယ်။
“စားဝတ်နေရေးက ပြေလည်တာမရှိဘူး။ ဒါပေမယ့် ပြေလည်အောင် လုပ်နေရတာပဲ။ ကိုယ့်လိုပဲ ဒုက္ခဖြစ်နေသူတွေကို အကူအညီပေးစေချင်တယ်။ မြို့ကိုလည်း ဘယ်အချိန်ပြန်ဝင်ရမယ်မှန်းမသိတော့ အကုန်လုံးကို ကူညီစေချင်ပါတယ်။” လို့ မလှမေက ဆိုပါတယ်။
လက်ရှိမှာတော့ မိသားစုစားဝတ်နေရေးပြေလည်ဖို့ ရုန်းကန်နေကြရဆဲပါ။ အလားတူ စစ်ရှောင်မိသားစုတွေလည်း စားဝတ်နေရေးကျပ်တည်းပြီး ခက်ခဲနေကြပါတယ်။ စစ်ရှောင်အများစုကတော့ ကူညီလှူဒါန်းထောက်ပံ့ပေးမယ့်သူတွေကို မျှော်နေကြရတာပါ။
သူတို့တွေရဲ့ လက်ငုပ်လက်ရင်းရှိရာ ဘဝစတင်ခဲ့ရာ နေရပ်ဒေသတွေကို ပြန်ချင်ပေမယ့် နေရပ်ကို စွန့်ခွါလာနေကြရသူတွေသာ တိုးတိုးလာနေပါတော့တယ်။
#မြေလတ်အသံ
#စစ်ကိုင်း #ကောလင်း #စစ်ရှောင် #လက်မှုပညာ #ဆောင်းပါး
Share Share Share