ဘဏ်ချေးငွေကို ရဲစခန်းမှာ အတင်းအဓမ္မဆပ်ခိုင်းလို့ လယ်သမားတွေထိတ်လန့်နေ

ဘဏ်ချေးငွေကို ရဲစခန်းမှာ အတင်းအဓမ္မဆပ်ခိုင်းလို့ လယ်သမားတွေထိတ်လန့်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင်၊ ဝက်ထီးကန်တိုက်နယ်၊ လွှစင်အုပ်စုမှာ လယ်ယာစိုက်ပျိုးရေးချေးငွေတွေကို ရဲစခန်းမှာ လာဆပ်ခိုင်းလို့ လယ်သမားတွေစိုးရိမ်ထိတ်လန့်နေကြပါတယ်။ 

စစ်တပ်အာဏာမသိမ်းမီကာလက လယ်ယာစိုက်ပျိုးရေးချေးငွေတွေကို ပြည်မြို့ရှိ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်(စိုက်ဘဏ်)မှာ သွားဆပ်ခဲ့ရပေမယ့် လက်ရှိမှာ ရဲစခန်းကိုသွားဆပ်ရမယ်လို့ လွှစင်အုပ်စုဘဏ်ဥက္ကဌ ဦးတင်အောင်ကနေတဆင့် အုပ်ချုပ်ရေးမှူးတွေကိုပြောခိုင်းတာလို့ သိရပါတယ်။ 

“ကျနော်တို့မှာ အင်္ဂလိပ်ခေတ်ချစ်တီးဘဝနဲ့မထူးတော့ပါဘူးဗျာ။ ချေးထားတာက ကြာပါပြီ။ မဆပ်နိုင်ကြတာပေါ့။ ခက်ခဲတဲ့စနစ်မှာ စီးပွါးရေးအဆင်မပြေ ဒေါင်ကြပ်ပြားကြပ် အခြေအနေမှာ အတင်းအဓ္ဓမ ဆပ်ခိုင်းနေတဲ့သဘောပါ။” လို့ ဒေသခံတဦးက ပြောပါတယ်။  

လယ်ယာစိုက်ပျိုရေး ချေးငွေတွေဟာ နှစ်စဉ်နွေစပါးရာသီမှာတကြိမ်၊  မိုးစပါးရာသီမှာတကြိမ် ၁ ဧကကို ၁ သိန်းခွဲစီ ထုတ်ပေးလေ့ရှိပြီး စပါးဈေးမတည်ငြိမ်မှုကြောင့် ပြန်မဆပ်နိုင်ကြတာများလာပါတယ်။ ဆပ်ဖို့ငွေကို အတိုးနဲ့ယူပြီး ဆပ်ကြရတာကြောင့် လယ်သမားတွေဟာ အကြွေးနွံထဲနစ်နေရပါတယ်။

“လယ်သမားတွေမဆပ်နိုင်တော့ ဘဏ်ကော်မတီတွေဆီက ဆပ်ချေးသဘောမျိုးနဲ့ ၈ ကျပ်တိုးနဲ့ အတိုးယူပြီးဆပ်ကြရတယ်။ တောင်သူတွေ အဆင်မပြေကြဘူး။ ကျေးရွာဘဏ်ကော်မတီတွေ လုပ်စားကြတဲ့ခေတ်ပါ။ အတိုးပေးပြီး ဆပ်လိုက်၊ နောက်တခါထုတ်တော့ သူတို့ဆီပြန်ရောက်လိုက်နဲ့ ကြာလာတော့ လယ်သမားတွေမှာ လယ်တွေကို သူတပါးလက်ထဲ ရောက်တဲ့သူရောက်ကုန်ပြီလို့။” လယ်သမားတဦးက ပြောပါတယ်။ 

စစ်တပ်ကအာဏာမသိမ်းခင်က ဆပ်ရမယ့်ငွေကို အတင်းအကြပ်ဆပ်ခိုင်းတာမျိုးမရှိဘဲ အာဏာသိမ်းပြီးနောက်ပိုင်း ဆပ်ရမယ့်နောက်ဆုံးရက်ကို သတ်မှတ်ထားကာ အဲ့ဒီရက်မှာမဖြစ်မနေဆပ်ကြရပါတယ်။ 

မဆပ်နိုင်တဲ့သူတွေကို ဘဏ်ကော်မတီနဲ့အုပ်ကြီးက တရားစွဲပြီး ဖမ်းဆီးအရေးယူခိုင်းတာတွေရှိပါတယ်။ လွှစင်အုပ်စု ကျေးရွာတွေမှာတော့ အခုလိုလုပ်တာ နှစ်ကြိမ်ရှိပြီလို့သိရပါတယ်။ 

“အခုက ရဲစခန်းခေါ်တယ်ဆိုရင် ဖမ်းချုပ်ပြီးအတင်းဆပ်ခိုင်းတော့တာပါပဲ။ အကြွေးအချိန်ကြာနေတဲ့သူတွေဆို ရဲစခန်းမှာအချုပ်ချပြီး မဆပ်နိုင်ရင်ဖိအားပေးတယ်။ ရိုက်တာနှက်တာတွေတောင် ရှိတယ်”လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။ 

ပြန်မဆပ်နိုင်တဲ့ဆုံးမှာ လယ်ယာပေါင်နှံကာ ဆပ်နေကြရတာကြောင့် လယ်ယာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပြီး တောင်သူလယ်သမားတွေ အခက်အခဲကြုံနေကြရပါတယ်။ 

အလားတူ ပြည်မြို့နယ်ထဲမှာရှိ ကျေးရွာတွေမှာလည်း စိုက်ဘဏ်ချေးငွေတွေကို အတင်းအဓမ္မပြန်ဆပ်ခိုင်းတာ၊ မဆပ်နိုင်သူတွေကို ခြိမ်းခြောက်တာတွေ ရှိနေပြီး ငွေတိုးချေးသူတွေဆီကနေ အတိုးနှုန်းများစွာနဲ့ ချေးငှားပြီး ပြန်ဆပ်နေရတယ်လို့ တောင်သူလယ်သမားတွေဆီက သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10