ဘဏ် လုံခြုံရေးတဲထဲက စစ်သားတွေ လက်ပစ်ဗုံးနဲ့ပစ်ခံရလို့ ၁ ဦး ထိခိုက်ဒဏ်ရာရ

ဘဏ် လုံခြုံရေးတဲထဲက စစ်သားတွေ လက်ပစ်ဗုံးနဲ့ပစ်ခံရလို့ ၁ ဦး ထိခိုက်ဒဏ်ရာရ

မကွေးတိုင်း၊ ချောက်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးတဲထဲစောင့်နေတဲ့ စစ်သားတွေကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force(C.G.F) အဖွဲ့ဆီက သိရပါတယ်။

ဇူလိုင်လ ၂၆ ရက် ည ၈ နာရီ ၁၅ မိနစ်ခွဲအချိန်က မြန်မာ့စီးပွားရေးဘဏ်အတွင်းမှာ လုံခြုံရေးယူနေတဲ့ တဲထဲက စစ်သား ၇ ဦးကို  လက်ပစ်ဗုံးနဲ့ အနီးကပ်ပစ်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Chauk Guerrilla Force (C.G.F) ဒုခေါင်းဆောင် ဗိုလ်ပေတက ပြောပါတယ်။

"ရှောင်တခင်ဝင်ပြီး ချောက်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ဗုံးနှစ်လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပါတယ်။ ပထမ တလုံးက error တက်ပြီး မကွဲဘူး၊ ဒုတိယ တလုံးကိုပစ်သွင်းလိုက်တဲ့အခါမှာ စီးပွားရေးဘဏ်ရဲ့ အတွင်းမှာလုံခြုံရေးယူနေတဲ့ တဲထဲကို တည့်တည့်ကျရောက်ပြီးတော့ ပြင်းထန်စွာပေါက်ကွဲခဲ့ပါတယ်။ ပေါက်ကွဲခဲ့တာမှာ မြန်မာ့စီးပွားရေးဘဏ်ကို လုံခြုံရေးယူနေတဲ့ စစ်** တယောက်ထိမှန်ပြီးတော့ နေရာမှာတင် လဲကျသွားတာမြင်တွေ့ရပါတယ်။ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးသူဦးရေ များပြားနိုင်တယ်" လို့ ဗိုလ်ပေတ က ပြောပါတယ်။

တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦး နေရာမှာလဲကျသွားပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပြီး သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

"မြန်မာ့စီးပွားရေးဘဏ်ကို လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မတရား ပြည်သူတွေအပေါ်ကို လက်နက်ပြပြီးအာဏာနဲ့သိမ်းထားတဲ့ စစ်ကောင်စီက တရားဝင်ထုတ်ဝေခွင့်မရှိတဲ့ ၂ သောင်းတန်ငွေစက္ကူကို ငွေကြေးဖောင်းပွမှုတွေဖြစ်အောင် ထုတ်ဝေတာကို မကျေနပ်နိုင်တဲ့အတွက် မြန်မာ့စီးပွားရေးဘဏ်ကို ရှောင်တခင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်" လို့ ဗိုလ်ပေတ ကပြောပါတယ်။

မြန်မာ့စီးပွားရေးဘဏ်အတွင်းက စစ်သားတွေ လက်ပစ်ဗုံးနဲ့ပစ်ခံရပြီးနောက် အင်အားအများအပြားနဲ့ လုံခြုံရေးပိုတင်းကြပ်ထားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို Chauk Guerrilla Force(C.G.F)၊ ချောက် ပကဖ နဲ့ Burmer Revolution Ranger အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်ကလည်း ချောက်မြို့၊ ရေနံကလပ်ဒေါင့်အနီးမှာ ဒေသကာကွယ်ရေးတပ်တွေ ထောင်ထားတဲ့မိုင်းအတုကို ပစ်ခတ်ဖောက်ခွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို Chauk Guerrilla Force(C.G.F)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခန်းမှူးနဲ့စနိုက်ပါစစ်သား ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #ချောက် #မြန်မာ့စီးပွားရေးဘဏ် #လုံခြုံရေး #စစ်ကောင်စီတပ် #CGF #BRR #ပကဖ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10