ဘဏ်အခြေအနေတွေကြောင့် လုပ်ငန်းရှင်တချို့ ငွေသားတိုက်ရိုက်ပေးချေမှုစနစ်ကို အသုံးပြုနေရပြီး လုံခြုံရေးကိုစိုးရိမ်နေ

ဘဏ်အခြေအနေတွေကြောင့် လုပ်ငန်းရှင်တချို့ ငွေသားတိုက်ရိုက်ပေးချေမှုစနစ်ကို အသုံးပြုနေရပြီး လုံခြုံရေးကိုစိုးရိမ်နေ

ယခု ဇူလိုင်လဆန်းပိုင်းလောက်ကစတင်ပြီး ပုဂ္ဂလိကဘဏ်အချို့မှာ ငွေထုတ်ယူရေးအခက်အခဲတွေ ဖြစ်နေတာကြောင့် လုပ်ငန်းရှင်အချို့မှာ ငွေသားတိုက်ရိုက်ပေးချေမှုစနစ်ကို အသုံးပြုနေရပြီး ငွေပမာဏများများနဲ့ သွားလာရပါက လုံခြုံရေးအတွက် စိုးရိမ်နေရတယ်လို့ ဝေါမြို့နယ်ရှိ လုပ်ငန်းရှင်အချို့ဆီက သိရပါတယ်။ 

ပုဂ္ဂလိကဘဏ်တွေမှာ လွှဲငွေနဲ့အပ်ငွေတွေကို လိုသလောက်ပြန်လည်ထုတ်ယူခွင့်မရတော့ဘဲ ဘဏ်ဘက်က ကန့်သတ်ထုတ်ပေးလာတဲ့ ငွေပမာဏသာထုတ်ယူခွင့်ရတော့လို့ ဘဏ်နဲ့ ငွေပြောင်းငွေလွှဲလုပ်တာတွေ နည်းလာတယ်လို့ဆိုပါတယ်။

"ဒီလထဲမှာပဲ လုပ်ငန်းကလွှဲတဲ့ငွေသွားထုတ်တယ်။ ပထမ တရက် (ကျပ်သိန်း) ၅၀ လောက်ရသေးတယ်။ မနေ့ကထိ ၁၀ သိန်းပဲရတော့တယ်။ သိန်းဘယ်လောက်လွှဲလွှဲ သူတို့ပေးသလောက်ပဲ ရတော့တယ်။ ကိုယ့်ငွေတွေအကုန်ရဖို့က ဘဏ်ကိုနေ့တိုင်းသွားပြီးထုတ်နေရမယ့် အခြေနေရှိလာတယ်။ ဒါကြောင့်အခုဆို ငွေပိုက်ထားတယ်။ ပေးစရာရှိရင် ကိုယ်တိုင်သွားပေးလိုက်တယ်"လို့ ဝေါဒေသခံ မွေးမြူရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ယခုလိုဘဏ်တွေဘက်က ငွေထုတ်ပေးနိုင်မှုအခက်အခဲဖြစ်လာတာကြောင့် ရေရှည်စီးပွားရေးလုပ်ငန်းတွေမှာ အခက်အခဲအကြပ်အတည်းတွေဖြစ်လာပြီး လုပ်ငန်းတွေကျရှုံးလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ဘဏ်ကနေ ငွေထုတ်ပြီးယူဖို့ခက်ခဲတာကြောင့် အရောင်းအဝယ်တွေလုပ်ရာမှာ လူကိုယ်တိုင်သွားရောက်ငွေပေးချေရပြီး နိုင်ငံရေးအခြေအနေကလည်းမကောင်းတဲ့အတွက် လမ်းခရီးမှာလည်း လုံခြုံရေးစိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။ 

ရိုးမဘဏ်၊ ဧရာ၀တီဘဏ်၊ UAB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းများ ဖွံဖြိုးရေးဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေးအိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် အပါအဝင် ဘဏ် ၇ ခုနဲ့ တာဝန်ရှိသူ တွေကို သတ်မှတ်နှုန်းထားထက် အိမ်ရာချေးငွေတွေ ထုတ်ချေးခဲ့တဲ့အတွက် အရေးယူမယ်လို့ စစ်ကောင်စီ ရဲ့ ဗဟိုဘဏ်က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီနောက် ဘဏ်မှာအပ်ထားတဲ့ငွေတွေကို ပြန်လည်ထုတ်ယူတာတွေများလာခဲ့ပြီး ဘဏ်တွေဘက်ကလည်း ငွေကိုအကန့်အသတ်နဲ့သာ ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ဒေသတွင်းဘဏ်အချင်းချင်းမှာလည်း ငွေအပြောင်းအလဲလုပ်ငန်းတွေကို ရပ်နားထားပြီး ATM ကနေ ငွေထုတ်ယူရာမှာလည်း သတ်မှတ် ATM ကဒ်နဲ့ သတ်မှတ် ATM စက်မှာသာ သတ်မှတ်ငွေပမာဏအတိုင်း ထုတ်ယူခွင့်ရှိပြီး ယခင်လို အခြားဘဏ်တခုက ATM ဟာ အခြားဘဏ်တခုရဲ့ ATM စက်မှာ ထုတ်ယူလို့ မရတော့ဘူးလို့လည်း သိရပါတယ်။

ဇူလိုင် ၁၀ ရက်မှာလည်း စစ်ကောင်စီက ဘဏ်တွေရဲ့ဥက္ကဌနဲ့နာယကတွေကို ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးဖို့ဆိုကာ အစည်းအဝေးခေါ်ယူထားပြီး  မပျက်မကွက် တက်ရောက်ဖို့ကိုလည်း ဖိအားပေးထားခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ငွေကြေး #ဘဏ်လုပ်ငန်း #လုပ်ငန်းရှင် #လုံခြုံရေး #စိတ်ပူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10