ဘတ္ထရီအားသွင်းရာမှ မီးလောင်လို့ နေအိမ် ၁၈ လုံး ဆုံးရှုံး

ဘတ္ထရီအားသွင်းရာမှ မီးလောင်လို့ နေအိမ် ၁၈ လုံး ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးသာယာရပ်ကွက်မှာ ဘတ္ထရီအိုးအားသွင်းရာမှ မီးလောင်လို့ နေအိမ် ၁၈ လုံး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

ဇွန်လ ၇ ရက် ဒီမနက် ၁၁ နာရီခန့်မှာ အေးသာယာရပ်ကွက်၊ ချင်းတွင်းကမ်းနားအနီးက ၂ ထပ်နေအိမ်ရဲ့ အပေါ်ထပ်မှာ အင်ဗာတာကနေ ဘတ္ထရီအိုးကို အားသွင်းထားချိန် ပေါက်ကွဲမှုဖြစ်ပြီး နံရံကိုမီးကူးစက်ရာက မီးလောင်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

"ဘတ္ထရီပေါက်ကွဲတော့ အိမ်နံရံကလည်း ကျူထရံကာဆိုတော့ မီးကူးသွားတယ်။ အများစုကတော့ ၁၀ ပေပတ်လည်တဲ အများဆုံးလောင်သွားတာပါ။ မီးဝိုင်းသတ်နေတဲ့အချိန် အရန်မီးသတ်တဦးလည်း ကျင်းအဟောင်းတခုထဲကျပြီး ဒဏ်ရာရသွားသေးတယ်။ စိုးရိမ်စရာတော့မရှိပါဘူး"လို့ ပြောပါတယ်။

မီးလောင်လို့ နေအိမ် ၁၈ လုံး ပျက်စီးခဲ့ပြီး အများစုက ကျူထရံကာအိမ်တွေဖြစ်သလို ကာလတန်ဖိုး ကျပ်သိန်း ၁၀၀ ကျော်ပျက်စီးခဲ့ပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။

မြို့နယ်မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်နဲ့ ဒေသခံပြည်သူတွေ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့တဲ့အတွက် မီးလောင်ပြီး ၁ နာရီလောက်မှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မီးလောင်လို့ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၇၀ ခန့် မီးဘေးသင့်ခဲ့ရပြီး နီးစပ်ရာနေအိမ်တွေမှာ ခေတ္တနေထိုင်နေကြရပါတယ်။ 

ဇန်နဝါရီလ ၆ ရက် ည ၁၀ နာရီခွဲခန့်မှာလည်း မုံရွာမြို့၊ ဘုန်းစိုးရပ်ကွက်မှာ ဖယောင်းတိုင်မီးကနေတဆင့် မီးလောင်လို့ နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #မီးလောင် #နေအိမ်ပျက်စီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10