ဘန့်ပြင်ရွာမှာ စစ်တပ်က အင်အားရာကျော်နဲ့တပ်စွဲနေလို့ ဒေသခံ ၃၀၀ ကျော်ထွက်ပြေးနေရ

ဘန့်ပြင်ရွာမှာ စစ်တပ်က အင်အားရာကျော်နဲ့တပ်စွဲနေလို့ ဒေသခံ ၃၀၀ ကျော်ထွက်ပြေးနေရ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ဘန့်ပြင်ကျေးရွာကို စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲနေတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

အထက်မင်းလှမြို့နယ်၊ ကုန်းကြီးရွာအခြေစိုက် ကပစ ၁၀ နဲ့ မလွန်မြို့အခြေစိုက် ကပစ ၂ က စစ်ကောင်စီအဖွဲ့ဝင်တွေက ဇူလိုင်လ ၁ ရက် မနေ့မနက်ပိုင်းကစတင်ပြီး တပ်စွဲနေကြတာလို့ ဆိုပါတယ်။ 

“အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိတယ်၊ အခု ကြောက်လို့ ရွာပြင်ထွက်နေရတာတွေလည်း ရှိတယ်၊ ရွာထဲမှာက လူငယ်တွေ မရှိတော့ဘူး၊ ထွက်ပြေးတိမ်းရှောင်နေကြရတာ၊ ရွာထဲမှာက သက်ကြီးရွယ်အိုပဲကျန်ခဲ့တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ဘန့်ပြင်ကျေးရွာမှာ အိမ်ခြေ ၃၀၀ ဝန်းကျင်နဲ့ လူဦးရေ ၉၀၀ နီးပါးရှိပြီး လက်ရှိမှာလူဦးရေ ၃၀၀ ကျော်က နီးစပ်ရာကျေးရွာတွေနဲ့ တောင်စပ်တွေမှာ တိမ်းရှောင်နေရပြီး သူတို့တွေအတွက် စားနပ်ရိက္ခာလိုအပ်နေတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက ကျေးရွာတွင်းရှိ လူမနေတဲ့နေအိမ်တွေမှာ အုပ်စုခွဲနေထိုင်နေပြီး ဒေသခံတွေမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ပစ်သတ်ချက်ပြုတ်စားသောက်တာ၊ ညဘက် ကင်းလှည့်ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ ဘန့်ပြင်ရွာအနီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။ 

အဲ့ဒီနောက် ဘန့်ပြင်ရွာသားတွေအပြင် တိုက်ပွဲဖြစ်တဲ့နေရာတဝိုက် ဖြတ်သန်းသွားလာတဲ့ဒေသခံတွေကိုပါ စစ်ကောင်စီတပ်သားတွေက PDF တွေရှိတဲ့နေရာကို မေးမြန်းကာ ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့  မင်းတုန်းမြို့နယ် ပကဖတာဝန်ခံ ကိုဗဟိန်းက မြေလတ်အသံကို ဖြေဆိုထားပါတယ်။  

ဒါ့အပြင် ဇွန်လ ၂၈ ရက်မှာလည်း ဘန့်ပြင်ကျေးရွာက အသက် ၅၀ ကျော်နဲ့ အသက် ၆၀ ကျော် ၈ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားခဲ့ပြီး ဇူလိုင် ၂ ရက် ဒီနေ့အထိမိသားစုဝင်တွေနဲ့ အဆက်အသွယ်မရ သေးဘူးလို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အထက်မင်းလှ #ဘန့်ပြင် #စစ်ကောင်စီ #တပ်စွဲ #ဒေသခံထွက်ပြေး #အကူညီလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10