ဘန့်ဘွေးရွာစစ်ရှောင်တွေ သောက်သုံးရေလိုအပ်နေ

ဘန့်ဘွေးရွာစစ်ရှောင်တွေ သောက်သုံးရေလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ၄ နှစ်နီးပါး စစ်ရှောင်နေကြရတဲ့ ဘန့်ဘွေးရွာက စစ်ရှောင်တွေဟာ စားနပ်ရိက္ခာခက်ခဲနေသလို သောက်သုံးရေရှားပါးမှုပါ ကြုံတွေ့လာရတယ်လို့ စစ်ရှောင်တွေထံက သိရပါတယ်။ 

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာဟာ ၂၀၂၂ ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီက တပ်စွဲထားတဲ့အတွက် ယာထဲ၊ တောထဲမှာ ယာယီထန်းလက်တဲတွေထိုးပြီး နေလာကြတာဟာ ၃ နှစ်နီးပါးရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ရှောင်တွေဟာ စားသောက်ရေးအတွက် နေ့စားအလုပ်၊ မွေးမြူရေးအလုပ်တွေကို လုပ်ကိုင်ကြသလို ဆိုင်ကယ်၊ စက်ဘီးပြင်တာ၊ ဈေးရောင်းတာစတဲ့အလုပ်တွေကိုလည်း လုပ်ကိုင်ပြီးနေကြရတယ်လို့ ဆိုပါတယ်။

ဘန့်ဘွေးရွာက စစ်ရှောင်တွေထဲမှာ ကိုယ်ပိုင်ယာခင်းရှိသူတွေက ယာခင်းထဲမှာ အိမ်ဆောက်ပြီး မွေးမြူရေး၊ စိုက်ပျိုးရေးတွေလုပ်နိုင်ကြသော်လည်း ယာခင်းအပိုင်မရှိသူတွေကတော့ သူများယာမြေပေါ်မှာ တဲထိုးနေရတာကြောင့် မွေးမြူရေး၊ စိုက်ပျိုးရေးအလုပ်တွေကို မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။ 

အခုလို နွေရာသီရောက်လာတဲ့အခါ စစ်ရှောင်တွေဟာ သောက်သုံးရေရှိဖို့ အခက်အခဲနဲ့ရင်ဆိုင်လာရတယ်လို့ စစ်ရှောင်အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

"သောက်သုံးရေ ခက်ခဲတယ်။ သွားခပ်ရတာလည်း တအားဝေးတယ်။" လို့ သူက ပြောပါတယ်။ 

လက်ရှိမှာ စစ်ရှောင်စခန်းအတွက် သောက်သုံးရေတွင်းဟာ ၁ တွင်းတည်းသာရှိပြီး အဲဒီရေကိုခပ်ဖို့ ဆိုင်ကယ်နဲ့ မိနစ် ၂၀ ခန့်သွားရကာ နွားလှည်းနဲ့သွားမယ်ဆိုပါက ၁ နာရီကျော်ကြာအချိန်ပေးရတယ်လို့ ဆိုပါတယ်။ 

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာက စစ်ရှောင်တွေကို တချို့က ပျူစောထီးကျေးရွာက လူတွေလို့အမြင်ရှိကြသော်လည်း စစ်ကောင်စီနဲ့ပေါင်းပြီး ရွာထဲမှာ နေထိုင်တာဟာ အိမ်ခြေ ၂၀ ခန့်သာရှိပြီး အိမ်ခြေ ၈၀၀ နီးပါးက ရွာမှာမနေဘဲ စစ်ရှောင်နေရတာဖြစ်တယ်လို့ ဘန့်ဘွေးစစ်ရှောင်တွေက ဆိုပါတယ်။ 

ယင်းမာပင်မြို့နယ် ထန်းဇင်၊ ဘန့်ဘွေးရွာမ၊ ဘန့်ဘွေးမြောက်ရွာက ပြည်သူ ၅,၀၀၀ နီးပါးဟာ သောက်သုံးရေ အပြင် ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးအတွက် အကူအညီအထောက်အပံ့တွေ လိုအပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

သတင်း - သိုက်ထွန်း၊ စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #စစ်ရှောင် #စားနပ်ရိက္ခာ #သောက်သုံးရေ #ရေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10