ဘဘတို့ခေတ်ရဲ့ Miss ပြိုင်ပွဲ (သရော်စာ)

ဘဘတို့ခေတ်ရဲ့ Miss ပြိုင်ပွဲ (သရော်စာ)

တိုင်းသူပြည်သား လူအများတို့ရေ...

ရေမလာ မီးမလာတဲ့ နေ့တွေ ညတွေကို ကုစားအာရုံပြောင်းတဲ့အနေနဲ့ စစ်ကောင်စီဟာ Missပြိုင်ပွဲ ကြီးတစ်ခုခြိမ့်ခြိမ့်သဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့အကြောင်း ကျုပ်ကြိုတင်သတင်းရထားခဲ့သဗျ။

တိုင်းပြည်က မသာအိမ်ဖြစ်‌နေတာကို မသာမိတ်ကပ်လိမ်းသလို အလှဆင်ဖို့ ကြိုးစားနေကြတဲ့ အကြောင်းပေါ့ဗျာ...

အဲ့လို သတင်းဘယ်က ရလဲ သိလား...

ကျုပ်တို့က မင်းကြောင်ချေးတို့ အကြောင်းများ ပြောချင်ပါဘူးကွာလို့ ပါးစပ်လေး တစ်ချက်မဟလိုက်မိစေနဲ့... တပ်တွင်းထဲဖရဲသီးတွေ မင်းကြောင်ချေး တပည့်တပန်း အစစ်တွေကပဲ တပ်တွင်းသတင်း အကုန်၊ လျှို့ဝှက်စာအစုံကို ချက်ချင်း စုပြုံသတင်းပေးရင်ပေး။ မပေးရရင်  သူတို့ကပဲ အထဲက‌နေ ဒဲ့တီးကြတော့တာပဲ ... ငိငိငိ ဖြစ်နေတာ ဖြစ်နေတာ...

ခုက ကိုယ်က မပြောရဘူး သူတို့ချည်းလိမ့် ပြောပြောနေလို့ မနည်း လုပြောနေရတာမျိုးဗျ ဟေး ဟေး ...

တိုင်းပြည်ရဲ့ ပစ္စက္ခအခြေနေကို ထင်ဟပ်ကိုယ်စားပြုလို့ ရအောင်ရယ်၊ ပြိုင်ပွဲနာမည်ကိုလည်း ထူးထူးခြားခြားလေး ဖြစ်အောင်ရယ်၊ မြန်မာ့အမျိုးဘာသာသာသနာဘာညာဆိုပြီးလည်း ခပ်တည်တည်နဲ့ ရောညှပ်လို့ ရအောင်ရယ်၊ ခေါင်းစဉ်လေးကို သဘာဝလည်း ဆန်ရမယ်၊ ပြည်သူကို ပေးချင်တဲ့ စေတနာ၊ အကြင်နာတွေလည်းရောင်ပြန်ဟပ်ရမယ်။ ပါဠိဆန်ဆန်လေးဖြစ်အောင် ပေးကြစို့ ဆိုပြိး ဝိုင်းကြပ်ပေးတာနဲ့ လှလှလေး ရွေးချယ်ထားကြတာပါတဲ့...

Title လေးကိုက ဘာတဲ့  “Miss နာနာဘာဝ” တဲ့ဗျ... 

အဲတစ်ခုရှိတာ တမူထူးခြား တာက အရင်ခေတ်အဆက်ဆက်က ကျင်းပလာလိုက်ကြတဲ့ Miss ပြိုင်ပွဲတွေက တကယ်အရည်ချင်းရှိတဲ့ စီနီယာအလှမယ်တွေကတော့ လက်သုံးချောင်းထောင်ပြီး အကုန် Stay ရှောင်ကုန်ကြပြီမို့ အရင်လို လောက်လောက်လားလား အမျိုးသမီးပြိုင်ပွဲဝင်များ ပါဝင်လာနိုင်ကြပါဦးမလားဆိုတာကတော့ ဆက်ပြောပြဦးမှာဗျို့...

Miss နာနာဘာဝ စင်ကြီးရဲ့ ခမ်းနာကြီးကျယ်မဲ့ပုံကလည်း ပေါက်ကြားလာခဲ့သေးသဗျို့ ...

 “ ငါတို့ အရိုး စည်းရိုးထိုးအံ့” ဆိုပြီးအော်ဟစ် ကြွေးကြော်ရင်း  မြန်မာပြည် ခြံစည်းရိုးတောက်လျှောက် သောက်သောက်လဲ သေကုန်ကြတဲ့ ခြင်းကျားရဲဘော်အရိုးတွေနဲ့ မြန်မာနယ်စပ်စည်းရိုး မိုင်လေးထောင်ကျော်ကို တောက်လျှောက်စည်းရိုးထိုးခြံကာပြီးတာတောင် အရိုးက တောင်ပုံရာပုံ ကျန်နေသေးတာမို့  အဲ့ဒီ ပိုတဲ့အရိုးတွေကို အလဟဿ မဖြစ်အောင်တဲ့ ခု Miss နာနာဘာဝ စတိတ်စင်ကို အရိုးအရင်းတွေပုံပြီး ဆောက်ချလိုက်တာ...

အိုး ဘောကွင်းလောက်ကြီးတဲ့ စတိတ်ကြိးကို ဖြစ်ရောတဲ့ဗျို့ ...

ကဲ ဘဘကြီးတို့တို့ သွားရည်တများများနဲ့ အားပါးတရ တဝကြီး ကြည့်ရတဲ့ စင်ဖြစ်ပေဦးတော့တာပဲ ...

စင်ပေါ်မှာကတော့ တိုင်းနဲ့ပြည်နယ် အားလုံးရဲ့ လက်ရှိအခြေနေကို ကိုယ်စားပြုပြီး လျှပ်စစ်မီးရောင်စုံများ အသုံးမပြုပါဘူး။

မီးတောင်နပ်မှန်အောင် လုံလုံလောက်လောက် မရှိတဲ့ ရန်ကုန်မြို့ကြီးက အလှမယ်ပြိုင်ပွဲဖြစ်တာမို့ အလှမယ်များဟာ ကိုယ့်ဖယောင်းတိုင် ကိုယ်ကိုင်ပြီး ပါဖောမန့်ပြ ယှဉ်ပြိုင်အနိုင်ယူကြရဖို့ပဲ လျာထားပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။

စင်နောက်ခံကြီးမှာတော့ဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် ရွပ်ရွပ်ချွံချွံ တပ်ရင်းလိုက်၊ တပ်မလိုက် လက်နက်ချ၊ အရှုံးပေး၊ အလံဖြူပြ အဖွဲ့လိုက် ပျောက်ပျောက်သွားကြတဲ့ ဘူးသီးတောင်ရခိုင်မှာလက်နက်ချသွားတဲ့ တပ်မ ၂၂ ၊ စကခ ၁၅ ၊ စကခ ၉ တို့...  လောက်ကိုင်မှာ လက်နက်ချတဲ့ စကခ ၁၊ တပ်မ ၅၅ ၊ တပ်မ ၉၉ ၊ စကခ ၁၂ ၊ ဒကစ လောက်ကိုင်တို့... ရှမ်းမြောက်(ပလောင်ဒေသ) လက်နက်ချတဲ့ စကခ ၁၆ ၊ တပ်မ ၁၀၁ ၊ စကခ ၁၇ တို့... စသဖြင့် စစ်ရှုံးခြင်းကျားတပ်ကြီးရဲ့ တပ်ရင်းတပ်မ အစုံစုံ နံပါတ်တွေ နာမည်တွေကို စင်နောက်ခံအပြည့် ချိတ်ဆွဲပြသထားမှာဗျာ...

ဝေဆာ ပြွတ်သိပ်နေဖို့ ဘဘက ကော်မတီအစည်းဝေးမှာ မှာကြားထားသတဲ့။ သူတို့ကတော့ သူ့ဟာသူ စွန့်လွှတ်စွန့်စားဝံ့သူများလို့ ကြံဖန်ဂုဏ် ယူနေကြမှာပေါ့လေ...

သို့သော်လည်း ကြွတာက ကြွတာပဲလေဗျာ နော်...

အဲ့လို ဂုဏ်ယူချိတ်မယ်ပြောတော့ ခုထိ လက်နက် ချမလိုလို၊ ပြေးမလိုလို လုပ်မဲ့ဟာ အခွင့်မသာသေးလို့ ကြိတ်မှိတ်အသေခံနေရတဲ့ အောင်ဇေယျ စစ်ကြောင်းက သူတွေက သူတို့နာမည်ကျတော့ မပါရလို့ဆိုပြီး စိတ်တိုကြသေးသတဲ့။ ဖြစ်ပုံပြောပါတယ်... ဖြစ်ပုံပြောပါတယ်...

အဲ စင်ပေါ်မှာတော့ အလှဆင်ထားတဲ့ ပန်းအလှပြင်ဆင်ပုံကလည်း တမူးထူးလို့ ဆန်းနေကြဖို့ ဖြစ်တယ်တဲ့ဗျ။ တပ်ထဲမှာက တိုက်ရင်းပြုရင်း သေများ သေပြီဟေ့ဆိုရင် ကိုယ့် ဘယ်မယားကမှ နောက်လင် ရင်ခွင်ထဲကနေ လှည့်မကြည့်တော့တာမို့ တောကြုံအုံကြားမှာ သေဆုံး ဂိတ်ဆုံးသွားတဲ့ တပ်မသာ အရာရှိ၊ အရာခံတို့ရဲ့ လူမရောက်သူမရောက် မြေပုံအစုံစုံနဲ့ ဂူစုတ်၊ ဂူပျက်တွေဆီက ပန်းခွေ လက်ကျန်တွေနဲ့ ဒီဇိုင်းပြု အလှဆင်ထားကြတာမျိုးမို့ အမြင်မှာတမူဆန်း၊ သေပန်းလေးများပွင့်လန်း နေကြသလို လှပနေဦးမှာဗျို့ ... 

Miss နာနာဘာဝပွဲရဲ့ လုံခြုံရေး အဆင့်အတန်းများပြင်ဆင်ထားပုံဟာလည်း မြင့်မားလှပါတယ်...

ဒရုန်းရန်ကို ကြောက်လို့ Jammerတွေနဲ့ လွှမ်းခြုံထားဖို့ လုံခြုံရေးအစီမံများ ချမှတ်ထားကြပေမဲ့ လမှိုင်းတင်ပေးတဲ့ အခါတော်ပေးက ဒီပွဲကကျိန်းသေ ပေါက်မှာ။ ပွဲထဲလည်း ပေါက်မယ်။ ပွဲပြီးရင်လည်း ထပ်ပေါက်လိမ့်မယ်။  ဒါကြောင့် အန္တရယ်လည်းကင်း၊ စန်းတွေ လာဘ်တွေလည်း ပွင့်အောင် လောကီ အဆောင်အယောင်အနေနဲ့ ပိုပိုပေါက်ဖို့ ထမီခြုံထားကြစို့လို့ အခါတော်ပေးလာတာမို့ ရွှေပွဲလာပရိသတ်အစုံဟာ ထမီခြုံပြီး ထမီရုံပြီး  တက်ရောက်ကြရဖို့ ဖြစ်ပါသတဲ့။

မြန်မာပြည်က လူသားများအားတစ်နည်းမဟုတ်တစ်နည်း ထမီကြားက ပေါက်ဖွားလာကြတာမဟုတ်လား။ ဟော ခေတ်ကာလကိုကလည်း ဘဘ စစ်ဦးစီးချုပ်ကြီးကိုယ်တိုင် တရုတ်က လာမယ်ဆိုရင် အမယ်အိုရဲ့ ထမီရိပ် ပြေးပုန်းလိုက်၊ ဟိုနိုင်ငံက မေးရင် အမယ်အို ထမီအနားစ ပြေးခိုလိုက်နဲ့ ထမီကို စလွယ်သိုင်း ကစားနေတဲ့ ကလေးစိတ်မကုန်သေးတဲ့ အာဂ စစ်သေနာပတိချုပ်ကြီးဟာ...

ခုပဲ ကြည့်လေ အသက် ၈၀ နားနီး အမယ်အိုကိုလည်းး သူ့အိမ်မှာသူမနေခိုင်းဘဲ ခဏနေ စစ်ရုံးထဲက ခေါင်းရင်းခန်း ထားပြီး ထမီခိုးရှူလိုက်၊ ဟောခဏနေ ဒုတိုင်းမှူးအိမ်ရွှေ့ပြီး ထမီရေသီနားသွားခိုးနမ်းလိုက်နဲ့ စစ်ဗျူဟာအရာမှာ သမိုင်းမှာစံထားထိုက်တဲ့ ပီဘိ အောက်ဆွဲပေးကိုးဗျ...

ခုလို Misss နာနာဘာဝရွှေပွဲလာတို့ ထမီခြုံ ပွဲတက်ရမယ်ဆိုတော့လည်း ဆန်းကိုမှ မဆန်းတာကို။ အရင်ခေတ်တုန်းက ခြင်းကျား စစ်သားများရဲ့ အမြတ်တနိုး သေနတ်ပြောင်းဝက ထမီစများဟာ ခုဆိုရင်ရွှေပွဲလာ ပရိသတ်များရဲ့ ဂုဏ်သရေရှိ ခြုံထမီများ ဖြစ်လို့ နေပြီကိုးဗျ... ကဲ ဝမ်းသာစရာပါပဲ...

ဟော ပြောရင်းဆိုရင်း  Miss နာနာဘာဝ ရွေးချယ်ပွဲကြီးလည်း ခုဆို ကျင်းပလေပြီပေါ့ဗျာ...

ဟော အရေးအကြောင်းဆို ရန်ကုန်မြို့ဟာ ရှူးတစ်ပေါက်စာတောင် မီးကလည်းမလာတာမို့ ဂုဏ်သရေရှိမယ် အထင်နဲ့ ယူနီဖောင်းအပြည့်ဝတ်ပြီး အကဲဖြတ်ကြမဲ့ ဗိုလ်ချုပ်ကြီးများကတော့ မသာယပ်ကို တစ်ဖျပ်ဖျပ်ခတ်ရင်းပေါ့ခင်ဗျာ။

မနက်ဖန် ပြုတ်မလား။ ဒီည အရပ်ဖက် ပြောင်းရမလား မရေရာဘဲ အရူးကို လင်လုပ်ရသလို မှောက်ချည်တလှည့် လှန်ချည်တလှည့် အခိုင်းခံရတဲ့ ဘဝဆိုတော့လည်း မပြောသာပေဘူးပေါ့လေ... 

အဲ့ဒီလိုနဲ့ပဲ စင်ပေါ်တက်လာတဲ့ Miss နာနာဘာဝ အလှမယ်များကို အကဲဖြတ်ကြရတာမှာတော့ ပြိုင်ပွဲဝင်အလှမယ်များဟာဖြင့် တိုင်းနဲ့ပြည်နယ်အနှံ့ ပြည်သူ့တော်လှန်ရေးဘက်တော်သားတွေဘက်ကပစ်တဲ့ စနိုက်ပါစာမိ၊ ဒရုန်းစာမိလို့ ခေါင်းမပါ၊ ခြေပြတ်၊ လမ်းမှာ မိုင်းမှန် အောက်ပိုင်းပါမကျန်တဲ့ နာနာဘာဝများကို ကိုယ်စားပြု ထားတဲ့ အလှမယ်များစွာ ဖြစ်ကြတာမို့ အရမ်းကို များပြားပြီး တသောသောနဲ့မှ ကြက်ပျံမကျကို ပြိုင်ပွဲဝင်ကြသတဲ့ဗျ ။ 

ကျုပ်လို အမတ်ကြီးကတော့ မယ်ဆုရမယ့်သူကို ကြိုတောင်သိနေပါပြီ...

ဝစီပိတ်တွေ၊ ဂူဂူကြီးတို့ကို ဂါစရာမလိုဘဲ တပ်အပ်ပြောနိုင်တယ်။ ရမယ့်သူ ကျုပ်မြင်ထားတာကတော့... တော့.. တော့... တော့ ......

လို့ ပြောမလို့ ရှိသေး 

ဆုရွေးချယ်ရေးဒိုင်လူကြီးမင်း ဗိုလ်ချုပ်ကြီးများထံကို အထက်ဦးစီးချုပ်ရုံးက အမိန့်စာတစောင် အရေးပေါ် ရောက်ရှိလာလေရောပေါ့ဗျာ...

အမိန့်စာထဲ ပါတာက ...

"မြန်မာပြည် ဒေသအစုံမှာ  ရုပ်ပျက်ဆင်းပျက် သေဆုံးကြရတဲ့ တပ် ပြိတ္တာ၊ တစ္ဆေအားလုံးကို ကိုယ်စားပြု ယှဉ်ပြိုင်ကြသော Miss  နာနာဘာဝ စလွယ်သည်... ကျက်သရေအဖြာဖြာကင်းမဲ့မှုအလုံးစုံတွင် ကတော်ကြီး ခေါစိန်ကို အရာရာတွင် မယှဉ်သာသဖြင့်၊ ကတော်ကြီး ခေါစိန်သည်သာ ရာသက်ပန်  Miss နာနာဘာဝ စလွယ်ဖြင့်ထိုက်တန်သော အလှမယ် ဖြစ်အပ်သည်" လို့ ရေးသားပါရှိသတဲ့ ဗျာ ... ... ...

ခေါစိန်တို့ နောက်ဖေးပေါက်က ဇာတ်ရှုပ်တွေဆိုတာလည်း ငါနောက်မှ ထပ်ဖောက်သည်ချရဦးမှာပါဟေ့ ... ငိငိငိငိငိ ... ... ...။။

#မြေလတ်အသံ

#မြေလတ်အမတ်ကြီး #သရော်စာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10