ဘာဖြစ်ဖြစ် သန့်ဇင် နဲ့ မျှော်လင့်မိတဲ့ စိုးလင်းဦး (အားကစားသတင်း)     ■ One Friday Fights 81

ဘာဖြစ်ဖြစ် သန့်ဇင် နဲ့ မျှော်လင့်မိတဲ့ စိုးလင်းဦး (အားကစားသတင်း)  ■ One Friday Fights 81

 

ONE Friday Fights 81 က တာကေးရုနဲ့သန့်ဇင်တွဲဆိုင်းဟာ ကစားသမားတွေအတွက်မဟုတ်ဘဲ ONE အတွက် လုပ်ဆောင်လိုက်တဲ့တွဲဆိုင်းဖြစ်နေတာ လူတိုင်းသိကြပါလိမ့်မယ်။ တာကေးရုနဲ့ ထိုးဖို့ တည်ထားတဲ့ ထိုင်းဖိုက်တာကိုဖယ်ပြီး သန့်ဇင်ကိုထည့်ပေးလိုက်တာဟာ သန့်ဇင်ကို တဆင့်မြှင့်ပေးတာမျိုးထက် တာကေးရုပွဲမပန်းဖို့နဲ့ ပရိသတ်လှုပ်ခတ်မှု အားကောင်းစေဖို့ လုပ်လိုက်တာမျိုးပါပဲ။

ONE ဟာ တိုက်ခိုက်ရေးအားကစားကို ချစ်မြတ်နိုးတယ်ဆိုတာထက် ဒီကစားသမားတွေကိုအသုံးချလွန်းတယ်လို့ ပြောလို့တောင်ရတဲ့အဖွဲ့အစည်းမျိုးဖြစ်ပြီး သူတို့အဖွဲ့အစည်းလက်အောက်မှာ ဝင်ကစားနေကြတဲ့ မွေထိုင်း၊ ကစ်ဘောင်ဆင်၊ MMA နဲ့ နပန်းကစားသမားတွေကို စည်းမျဉ်းမျိုးစုံနဲ့ ပွဲတည်ပေးကာ လူစိတ်ဝင်စားအောင်လုပ်တတ်ပါတယ်။

ရော့ထန်နဲ့ ဒီဂျေတို့ရဲ့ မွေထိုင်းတချီ MMA တချီပွဲတွေ၊ MMA ဖိုက်တာကြီး ဂျွန်လင်နစ်ကာရဲ့ မွေထိုင်းပွဲစဉ်တွေဟာ အထင်ရှားဆုံးဥပမာတွေဖြစ်ပြီး အခု တာကေးရုနဲ့ သန့်ဇင်တို့ရဲ့တွဲဆိုင်းဟာလည်း အဲ့ဒီလိုပွဲစဉ်တွေထဲက တပွဲဖြစ်နေပါတယ်။ 

 

■ တာကေးရုနဲ့သန့်ဇင် 

တာကေးရုဆိုတာ ကမ္ဘာ့အဆင့်ကစ်ဘောင်ဆင်သမား၊ သန့်ဇင်ဆိုတာ မွေထိုင်းစည်းမျဉ်းအောက်မှာ ထိုးသတ်နေတဲ့ မြန်မာ့လက်ဝှေ့ထွန်းတောက်လူငယ်လေးတဦး။ ဒီပွဲဟာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ပိုင်း ကွာဟခြင်း မကွာဟခြင်းထက် ထိုးသတ်နေတဲ့ နယ်ပယ်ချင်းတောင် တော်တော်ကွဲနေတဲ့တွဲဆိုင်းပါ။

ONE ကတော့ ONE လိုပဲ လုပ်ဆောင်သွားပြီဆိုတော့ ဖိုက်တာတွေအနေနဲ့လည်း သူတို့အသုံးချခံရမှုပေါ်မှာ ကိုယ့်အစွမ်းအစကိုထုတ်ပြရင်း ကိုယ်ရနိုင်မယ့်အခွင့်အလမ်းတွေကို ဒဏ်ရာအနာတရနည်းစွာနဲ့ ဆုပ်ကိုင်ဖို့ စဉ်းစားနေကြမှာသေချာပါတယ်။ အထူးသဖြင့် သန့်ဇင်ပါ။ 

သူဟာ မြန်မာ့လက်ဝှေ့ကနေ မွေထိုင်းစည်းမျဉ်းအောက်မှာဝင်ကစားနေရင်း ကစ်ဘောင်ဆင်ပွဲစဉ်အတွက် လူစားဝင်ကစားဖို့ ရွေးချယ်ခံလိုက်ရသလို သူနဲ့ထိုးမယ့်ပြိုင်ဘက်ကလည်း ကမ္ဘာ့အဆင့်ကစားသမားဖြစ်နေတာမို့ ဒါဟာ အခွင့်အရေးတခုလို့ ပြောရင်ရနိုင်သလို ဒီပွဲကြောင့် အထိနာသွားတာမျိုးမဖြစ်ဖို့လည်း လိုအပ်ပါတယ်။ 

တာကေးရုဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး ထိုးချက်တွေမြန်ဆန်သလို ကန်ချက်တွေဟာလည်း အားပါထိရောက်ပါတယ်။ သူဟာ ကစားသမားချင်းအကဲခတ်ချိန် ဘယ်ခြေကိုတချက်ရွှေ့ပြီး ဘယ်ထောက်လက်သီးထုတ်တာမျိုးကို ထိထိရောက်ရောက် အသုံးပြုတတ်သလို တဘက်ကစားသမားမွှန်သွားချိန်မှာ လျှင်မြန်တဲ့ဘယ်ညာတွဲလုံးကို သုံးတတ်ပါတယ်။ ဝါရင့်ဖိုက်တာတဦးဖြစ်တဲ့အတွက် သူ့ရဲ့ခွန်အားကို ဘယ်အချိန်မှာ အသုံးချရမလဲဆိုတာကို ကောင်းကောင်းသိသူပါ။  ပြီးတော့ သူ့ရဲ့ဘယ်ခြေဟာ အောက်ခြေသိမ်းကန်ချက်အပြင် အမှတ်တမဲ့ ခြေဦးနဲ့ထိုးတာကလည်း တဘက်ကစားသမားကိုအခက်တွေ့စေပါတယ်။ 

ဂျပန်ကစားသမားတွေထဲမှာ မာဂုဏ်မြင့်မားတဲ့၊ လွယ်လွယ်နဲ့အရှုံးမပေးတတ်တဲ့ ကစားသမားဖြစ်သလို စူပါလတ်နဲ့ပွဲမှာ ဒါကိုသက်သေပြခဲ့ပြီး သူ့ဆီက အားနည်းချက်ကိုရှာဖို့ဆိုရင် ပွဲချိန်ပြည့်အမှားစောင့်ရမယ့် ကစားသမားမျိုးဖြစ်ပါတယ်။ 

တာကေးရုဟာ ပွဲကိုဦးဆောင်ထိုးသတ်ချင်သူဖြစ်သလို ဖိအားပေးထိုးတတ်သူဖြစ်ပြီး သူဖိအားပေးလာတဲ့အချိန် သူ့ကိုထိုးလိုက် ရှောင်လိုက်နဲ့လုပ်တတ်သူဆိုရင် စိတ်မရှည်တတ်ပါဘူး။ သူ့ကို ထိထိမိမိနှစ်ချက်သုံးချက်ထိသွားရင် မွှန်ပြီးအတင်းလိုက်တတ်သလို လက်ကပွင့်နေတတ်တာမို့ ပင့်လက်သီးအဝင်ခံရတာတွေရှိပြီး အဲ့ဒီအချိန်မှာ အမိုက်ခံထိုးတတ်တာကိုတော့ တွေ့ရပါတယ်။ ပြီးတော့ စူပါလတ်ကန်ထားလို့ ဒဏ်ရာရှိထားတဲ့ နေရာက သူ့ရဲ့အားနည်းချက်တွေထဲက တချက်ဖြစ်နိုင်ပြီး သန့်ဇင်ရဲ့ခြေကန်ချက် ဘယ်လောက်အထိသွားနိုင်မလဲဆိုတာ ကြည့်ရပါမယ်။ 

သန့်ဇင်ကတော့ မြန်မာ့လက်ဝှေ့သမားပီပီ မာဂုဏ်မြင့်ပြီး လက်သီးထိုးချက်ထက် ခြေကန်ချက်က ပိုမိုကောင်းမွန်တာကိုလူသိများကာ မြန်မာ့လက်ဝှေ့ပွဲစဉ်တွေနဲ့ ONE မှာထိုးသတ်ခဲ့တဲ့ပွဲစဉ်တွေမှာ သူ့ရဲ့ကန်ချက်တွေ ဘယ်လောက်ထိရောက်သလဲဆိုတာ သိခဲ့ကြပြီးပါပြီ။ ONE မှာထုတ်မသုံးရသေးတဲ့ အမြင့်ကန်ချက်တွေကို ဒီပွဲမှာထုတ်သုံးနိုင်မလား စောင့်ကြည့်ရပါမယ်။ 

လက်ဝှေ့အိတ်အပြောင်းအလဲဟာ သန့်ဇင်အတွက်အခက်အခဲဖြစ်နိုင်သလို ကစ်ဘောင်ဆင်မှာ သုံးခွင့်မရှိတဲ့ တံတောင်ရိုက်ချက်တွေ ပါမသွားဖို့လည်း ထိန်းရဦးမှာပါ။ သန့်ဇင်ရဲ့အောက်ခြေသိမ်းကန်ချက်တွေ လူချင်းပူးချိန်ထွက်လာမယ့် လက်သီးချက်တွေ အံဝင်ခွင်ကျဖြစ်ဖို့ လိုပါတယ်။ 

သန့်ဇင်ရဲ့အင်တာဗျူးတွေကြည့်ရသလောက်တော့ ဒီပွဲစဉ်မှာ သူ့ရဲ့အနေအထားကို နားလည်ထားပုံရပြီး စကားလုံးကြီးတွေထက် သတိကြီးကြီးနဲ့ကစားသွားဖို့ ပြောတာမျိုးတွေ တွေ့ရပါတယ်။ ဒါဟာ ကောင်းမွန်တဲ့အချက်ပါပဲ။ ဝိတ်ချိန်တဲ့အချိန်မှာ သနပ်ခါးအဖွေးသားနဲ့ရောက်လာတဲ့သန့်ဇင်ကို ဂျပန်မီဒီယာတွေကပါ စိတ်ဝင်တစားဖော်ပြလာတာမို့ သူ့အတွက်မထိုးခင်ကတည်းက အမှတ်ရထားပြီလို့ ပြောရပါမယ်။ 

ဒီပွဲမှာ ကစားသမားတွေရဲ့ အရှုံးအနိုင်ထက် ဘယ်လိုအဖြေထွက်လာထွက်လာ လူစားထိုးခံရတာကိုအသုံးချပြီး ပုံရိပ်မြှင့်တင်မယ့် သန့်ဇင်ကိုအားပေးချင်ပါတယ်။ ဒီပွဲဟာ ဘာဖြစ်ဖြစ်  သန့်ဇင်ပါပဲ။ 

 

■ နာဘီလ်နဲ့ စိုးလင်းဦး

ဒီဖိုက်တာနှစ်ယောက်ကတော့ ဝမ်းရဲ့ဒေါ်လာတသိန်းတန်စာချုပ်ကို တချိန်တည်းရခဲ့ကြသူတွေဖြစ်ပြီး ဒီနေ့မှာတော့ ပြိုင်ဘက်တွေအဖြစ်ယှဉ်ပြိုင်သွားကြတော့မှာ ဖြစ်ပါတယ်။ 

နာဘီလ်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်လာပြီး ဘန်တန်ဝိတ်တန်းမှာ အရပ်အမောင်းအားကိုးနဲ့ မိုက်နေတဲ့ ဖိုက်တာတယောက်လို့ ပြောနိုင်ပါတယ်။ သူကတော့ စိုးလင်းဦးကိုအလဲထိုးဖို့ ရည်ရွယ်ထားကြောင်း ပြောထားပါတယ်။ 

နာဘီလ်ဟာ အရပ်အမောင်းရှည်လျားတဲ့ဖိုက်တာဖြစ်တာနဲ့အညီ ထိုးချက်ကန်ချက်တွေက လေးလံတဲ့ဟာကွက်ရှိပေမယ့် အဲ့ဒီဟာကွက်တွေကို တံတောင်ရိုက်ချက်၊ ဒူးတိုက်ချက်တွေနဲ့ ပြန်ဖြည့်ထားတာတွေ့ရပါတယ်။ 

ပြိုင်ဘက်ကစားသမားကို အကွာအဝေးချိန်ဆထိုးပြီး ညာဖြောင့်လက်သီးကို အားကုန်အသုံးပြုထိုးတတ်ပါတယ်။ အားပါတဲ့ကန်ချက် သိပ်မထွက်ပေမယ့် သူ့ထက်အရပ်ပုတဲ့ပြိုင်ဘက်တွေ အနားကပ်လာရင်ထွက်လာတဲ့ ဒူးတိုက်ချက်ကတော့ တော်တော်လေးထိရောက်ပါတယ်။ လူချင်းပူးကပ်သွားချိန်မှာ ချုပ်အားသန်ပြီး ဒူးတိုက်ချက်ကိုလည်း တိတိကျကျထုတ်သုံးတတ်ပါသေးတယ်။ သူ့ရဲ့အားနည်းချက်တော့ နှစ်ချက်သုံးချက်လောက် ထိထိရောက်ရောက် အထိုးခံလိုက်ရရင် မတိုးရဲတော့တာပါ။ 

စိုးလင်းဦးကတော့ ရိုးရာလက်ဝှေ့ကတည်းက မာဂုဏ်နဲ့အနီးကပ်ပင့်လက်သီးတွေကို အသုံးပြုတဲ့ကစားသမားဖြစ်ပြီး သူ့ထက်အရပ်သာ ဝိတ်အသာကစားသမားတွေနဲ့ အကြိမ်များစွာ ထိုးသတ်ခဲ့ဖူးပါတယ်။ နာဘီလ်ကတော့ သူတွေ့ခဲ့ဖူးတဲ့ဖိုက်တာတွေထဲမှာ အရပ်အရှည်ဆုံးဖိုက်တာဖြစ်မယ်လို့ ထင်ပါတယ်။ 

စိုးလင်းဦးအနေနဲ့ နာဘီလ်ကိုပင့်လက်သီးအသုံးပြုဖို့ ပုံမှန်ထက်အားထုတ်ရမှာဖြစ်ပြီး အနီးကပ်ဘော်ဒီထိုးတဲ့အခါမှာလည်း ဒူးတိုက်ချက်ကိုဂရုပြုရမှာ ဖြစ်ပါတယ်။ စိုးလင်းဦးအနေနဲ့ ထိရောက်တဲ့လက်သီးချက် သုံးလေးချက်ထုတ်သုံးနိုင်ရင် ဒီပွဲကိုအသာစီးရသွားမယ်လို့ထင်ပြီး လုပ်ဆောင်နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။ 

ဒေါ်လာတသိန်းတန်စာချုပ်ရဲ့ ပထမဆုံးအဖွင့်ပွဲမှာ စိုးကြီးတယောက်ရလဒ်ကောင်းမလား၊ အလွယ်မလဲတတ်တဲ့ စိုးလင်းဦးကို အလဲထိုးမယ်ဆိုတဲ့ နာဘီလ်ပဲအသာရသွားမလား စောင့်ကြည့်ရပါမယ်။ 

မြန်မာဖိုက်တာ စိုးလင်းဦးနဲ့ သန့်ဇင်တို့ပါဝင်ထိုးသတ်မယ့် One Friday Fights 81 ပွဲစဉ်တွေကို စက်တင်ဘာ ၂၇ သောကြာနေ့ ယနေ့ည မြန်မာစံတော်ချိန် ၇ နာရီမှာ စတင်သွားမှာဖြစ်ပါတယ်။ 

Photo - One Championship 

#မြေလတ်အသံ

#ONEFridayFights81 #အားကစား #လက်ဝှေ့⁩ #စိုးလင်းဦး #သန့်ဇင် #တာကေးရု #နာဘီလ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10