ဘာသာရေး အထင်ကရနေရာတခုဖြစ်တဲ့ ပဲခူးဒေးစွန်ပါရှိ ဘုရားစေတီတွေကို စစ်ကောင်စီက ဖျက်ဆီးပြီး ဘုန်းကြီးတွေကို နှင်ထုတ်

ဘာသာရေး အထင်ကရနေရာတခုဖြစ်တဲ့ ပဲခူးဒေးစွန်ပါရှိ ဘုရားစေတီတွေကို စစ်ကောင်စီက ဖျက်ဆီးပြီး ဘုန်းကြီးတွေကို နှင်ထုတ်

ပဲခူးမြို့နယ်၊ ၀မ်းဘဲအင်းကျေးရွာ၊ ဒေးစွန်ပါသာသနာ့နယ်မြေအတွင်းရှိ ဘုရားစေတီနဲ့ သာသနိက အဆောက်အဦတွေကို သန်လျင် ခလရ ၉၀ က ဗိုလ်ကြီးသန့်ဇင်ဦး ဦးဆောင်တဲ့တပ်ဖွဲ့က ယခုအောက်တိုဘာလအတွင်းမှာ ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပဲခူးတိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲနယ်မြေတွေကနေ တောတောင်ထူထပ်တဲ့ ဒေးစွန်ပါသာသနာ့နယ်မြေကို PDF တပ်ဖွဲ့တွေ ၀င်ရောက်နေထိုင်လာနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလိုဖျက်ဆီးမှုတွေကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

"PDF တွေရှိနေတယ်ဆိုပြီးပြောပြီး ခေါ်လာတာမဟုတ်ဘူး။ သာသနာ့နယ်မြေမှာ ဝါးရုံတွေရှင်းရမယ် ဆိုပြီး ခေါ်လာတာ။ ဒီရောက်မှ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေကို ဖျက်ခိုင်းတာ" လို့ ဖျက်ဆီးရာမှာ ပါ၀င်ခဲ့သူနဲ့ နီးစပ်သူက မြေလတ်အသံကို ပြောပါတယ်။ 

ဘုရားစေတီနဲ့ ဘုန်းကြီးကျောင်းတွေကိုဖျက်ဆီးပြီး ကျောင်းတွင်နေထိုင်တဲ့ ကျောင်းထိုင် ဘုန်းကြီးတွေကိုလည်း နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။


ဖျက်ဆီးမှုတွေလုပ်ဖို့ သန်လျင် ခလရ-၉၀ က ဗိုလ်ကြီးသန့်ဇင်ဦးက ဦးဆောင်ပြီး ကော့မှူးမြို့နယ်၊ ဇလုတ်ကြီးကျေးရွာသားအချို့ကို ငှားရမ်းခဲ့တယ်လို့ သိရကာ ဗိုလ်ကြီးသန့်ဇင်ဦးနဲ့ မိသားစုတွေက အဲဒီရွာမှာပဲ နေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။

သာသနာပိုင်အဆောက်အဦ၊ ဘုရားစေတီတွေကနေ ထွက်လာတဲ့ သံချောင်း၊ စတီးဖရိန်တွေနဲ့ ကွန်ကရစ်ထုထည်တွေကို စစ်ကောင်စီတပ်က ရောင်းစားကြတာမှာ သိန်းနဲ့ချီရကြတယ်လို့ သိရပါတယ်။  


အဲဒီနေရာဟာ ပဲခူးမြို့မြောက်ဘက် ဝမ်းဘဲအင်းရွာအနောက်ဘက် ၁ မိုင်ခန့်မှာရှိတဲ့ ဒေးစွန်ပါတောင်ပေါ်တွင်ရှိပြီး ရှေးဟောင်းသမိုင်းဝင်လို့ ပြောဆိုကြတဲ့ ဘာသာရေးအထင်ကရ အဆောက်အဦတွေရှိကာ လာရောက်သူများပြားခဲ့တဲ့ နေရာတခုလည်းဖြစ်ပါတယ်

စာတည်း - နွေဦးငြိမ်းချမ်း


#ပဲခူး #၀မ်းဘဲအင်း #ဒေးစွန်ပါတောင် #ဘုရား #စေတီ #ဘုန်းကြီးကျောင်း #စစ်ကောင်စီ #ဖျက်ဆီး #သတင်း #ဘာသာရေး #သာသနိကအဆောက်အအုံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10