ဘီယာဆိုင်က ဆိုင်ကယ်စီးပြန်လာတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး

ဘီယာဆိုင်က ဆိုင်ကယ်စီးပြန်လာတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရပြီးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နဘူးအိုင်-မြို့သာလမ်းပေါ်မှာ ဆက်ကြေးကောက် ဘီယာသောက်ပြီး ဆိုင်ကယ်စီး ပြန်လာတဲ့ ဒုရဲအုပ်နဲ့ ရဲတပ်သား ၂ ဦးကို မင်းနေကုန်းရဲစခန်းအနီး ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်မှာ အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) အဖွဲ့ဆီက သိရပါတယ်။

မင်းနေကုန်းရဲစခန်းက ဒုရဲအုပ်နဲ့ ရဲတပ်သား ၂ ယောက်ဟာ နဘူးအိုင် -မြို့သာလမ်းပေါ်မှာ ဆက်ကြေးကောက်ကာ နဘူးအိုင်ဘီယာဆိုင်မှာ ဘီယာသောက်ပြီး ဆိုင်ကယ်တစီးတည်း သုံးယောက်စီး ပြန်ထွက်လာစဉ်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

သေဆုံးသူတွေဟာ ဒုရဲအုပ် ကျော်ကျော်ဆန်းအပါအဝင် ရဲတပ်သား ၂ ဦးဖြစ်ပြီး နေရာမှာတင်သေဆုံးသွားတယ်လို့ သိရပါတယ်။ 

“ရဲတပ်သား ၂ ယောက်ကတော့ ဆိုက်ကယ်ပေါ်က ပြုတ်ကျကျန်ခဲ့တယ်။ မလှုပ်နိုင်တော့ဘူး။ ဒုရဲအုပ်ကတော့ ဆိုင်ကယ်စီးလျက်နဲ့ ချောက်ထဲကျသွားတယ်” လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) ဒုတာဝန်ခံက ပြောပါတယ်။ 

ပစ်ခတ်တိုက်ခိုက်တဲ့နေရာဟာ မင်းနေကုန်းစခန်းနဲ့ ကိုက် ၃၀၀ အကွာလောက်မှာသာဖြစ်တာကြောင့် အလောင်းတွေကို သွားရောက်မစစ်ဆေးနိုင်ဘဲ အမြန်ပြန်ဆုတ်ခွာလာခဲ့ရတယ်လို့ သူက ပြောပါတယ်။ 

ရဲတပ်သားတွေကို ပစ်ခတ်နေစဉ်အတွင်း ပြည်သူတဦး ပစ်ကွင်းထဲဝင်လာတာကြောင့် အဲ့ဒီပြည်သူတဦးကိုလည်း သေနတ်ထိမှန်သွားတယ်လို့ ဆိုပါတယ်။ 

“ပြည်သူတဦးတော့ သေနတ်ထိမှန်သွားတယ်။ ဘယ်လိုအခြေအနေရှိလဲ ဆိုတာတော့ ကျနော်တို့စုံစမ်းဆဲပါ။ အဲ့ဒါကတော့ ကျနော်တို့ဘက်ကပစ်လို့ မှန်တာပါ။ ကျနော်လည်း စိတ်မကောင်းရဘူး။” လို့ နဂါးနီပြောက်ကျား တပ်ဖွဲ့(မြင်းခြံ) ဒုတာဝန်ခံက ပြောပါတယ်။ 

ပြည်သူတွေအနေနဲ့  စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေရဲ့အနီးကို သတိပြု သွားလာနေထိုင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နီးကပ်တဲ့နေရာတွေအဝေးမှာ ရှောင်ရှားနေကြစေချင်တယ်လို့ သူက ဆက်ပြောပါတယ်။ 

ပုံစာ - ပစ်ခတ်တိုက်ခိုက်ခဲ့သည့် နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)မှ ရဲဘော်များ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံမြို့နယ် #နဘူးအိုင် #မြို့သာလမ်း #ဆပ်ကြေး #ဘီယာ #ဆိုင်ကယ်စီး #ဒုရဲအုပ် #ရဲတပ်သား #မင်းနေကုန်း #ရဲစခန်း #နဂါးနီပြောက်ကျားတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10