ဘီလူးစစ်ကြောင်းက ဖမ်းပြီးသတ်ခံလိုက်ရတဲ့ ရဲဘော်ရဲ့ စျာပနအခမ်းအနား( ရုပ်/သံ)

 

မေလ ၂၄ရက် မနက်ပိုင်းမှာ မိုင်းစစ်ဆေးရင်း ဖမ်းခံလိုက်ရတဲ့ ရဲဘော်ကို ဘီလူးစစ်ကြောင်းက ပစ်သတ်ပြီး ချင်းတွင်းမြစ်ထဲပစ်ထားခဲ့ကြပါတယ်။

Myingyan Black Tiger (MBT) အဖွဲ့က အသက် ၂၀ အရွယ် ရဲဘော်တိုးနိုင်နဲ့ရဲဘော်တဦးလည်းဖမ်းခံရပေမယ့် အဲ့ဒီရဲဘော်က ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဌာနချုပ်က ရဲဘော်တွေနဲ့ ပြန်သွားကယ်ကြပေမယ့် ကယ်လို့ မရနိုင်လိုက်ပါဘူး။

ပြန်သွားကယ်ရင်း တိုက်ပွဲဖြစ်လို့ စစ်ကောင်စီဘက်က ၁၀ ကျော်သေဆုံးတာကြောင့် ဒဏ်ရာတွေနဲ့ ဖမ်းခံထားရတဲ့ ရဲဘော်တိုးနိုင်ကို တပ်မ ၉၉လက်အောက်ခံ ဘီလူးစစ်ကြောင်းက နှိပ်စက်ပြီး မေ၂၅ရက် ၂နာရီလောက်မှာ သေနတ်နဲ့ ပစ်သတ်ကာ ချင်းတွင်းမြစ်ထဲ ပစ်ထားခဲ့ကြတာပါ။

"မျက်နှာကိုပစ်လိုက်တာကြောင့် နောက်စေ့ကနေကျည်ထွက်ပြီးသေဆုံးသွားတယ်။ ပြည်သူတွေက အလောင်း ၁ လောင်း ချင်းတွင်းမြစ်ထဲမှာမျောနေတယ်လို့ သတင်းပို့လာတယ်။ ကျနော်တို့ဘက်က လုံခြုံရေးတိုးမြှင့်ပြီး အလောင်းကိုဆယ်ခဲ့တာမှာ ဘီလူးစစ်ကြောင်းရဲ့ဖမ်းဆီးခံရတဲ့ ရဲဘော်အလောင်းဖြစ်နေတာ" လို့ MBT ရဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။

ရဲဘော်တိုးနိုင်ရဲ့ ရုပ်အလောင်းကို မေလ ၂၅ရက် ညနေပိုင်းမှာ ပြန်သယ်လာပြီး  ရဲဘော်ရဲ့ စျာပနအခမ်းအနားကို  ၂၆ ရက် မနက်ပိုင်းက  MBT ဌာနချုပ်မှာ အကျဉ်းချုံးကျင်းပခဲ့တယ်လို့ဆိုပါတယ်။

"သူ့မိသားစုဝင်တွေအားလုံးတော့ ဈာပနအခမ်းအနားကို မတက်ရောက်နိုင်ပါဘူး။ သူ့မိသားစုဝင်တွေအားလုံးကလည်း ရှောင်ပြေးနေကြရတာ။ သူနဲ့အနီးစပ်ဆုံးမှာရှိတဲ့ မိသားစုဝင်တချို့တော့ လာပြီးဂုဏ်ပြုသွားပါတယ်။" လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

နားရေးပြုလုပ်တဲ့ ရက်မှာ စစ်ကြောင်းထိုးနေတာတွေရှိနေလို့ ရဲဘော်ရဲ့ နာရေး းအခမ်းအနားကို အကျဉ်းချုံးပြီး စည်းစည်းကားကားမကျင်းပနိုင်ခဲ့ပေမယ့် အရိုးပြာကိုယူပြီး အာဇာနည်ဗိမ္မာန်ပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။


သတင်း- ဒိန်းဂျား၊ တည်းဖြတ်- ဇို

#မြေလတ်အသံ

#ရေစကြို #ရဲဘော်တိုးနိုင် #စျာပန

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10