ဘီလူးစစ်ကြောင်းလို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရလို့ အော်ဟစ်ပြေးလွှား

ဘီလူးစစ်ကြောင်းလို့ ကြွေးကြော်ထားတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခံရလို့ အော်ဟစ်ပြေးလွှား

စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးမှာစခန်းချနေတဲ့ စစ်ကောင်စီတပ် ဘီလူး‌စစ်ကြောင်းကို ဒရုန်းနဲ့ဗုံးသီး ၁၀ လုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဘီလူးစစ်ကြောင်းလို့ ကြွေးကြော်ပြီး ထွေအုပ်ရုံးထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို  စက်တင်ဘာ ၁ ရက် မနေ့ နေ့လယ် ၁ နာရီကနေ ညနေ ၅ နာရီအထိ ဒရုန်း ၅ စီး ဗုံးသီး ၁၀ လုံးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက အဆက်မပြတ် တိုက်ခိုက်ခဲ့ကြတာလို့ ပြောပါတယ်။

"ဗုံးတလုံးချတာနဲ့ ‌‌အထဲကနေပြီး အော်ဟစ်ပြေးလွှားသံတွေ ကြားနေရပါတယ်။ ဗုံးသီးတွေကို အဆက်မပြတ်ဘဲ ပင်မအဆောက်အအုံပေါ်ကို ချခဲ့တာပါ။ အော်သံဟစ်သံတွေအရ ထိခိုက်ကျဆုံးများနိုင်တယ်"လို့ မြောင်မြို့နယ် ဒေသကာကွယ်ရေးနှင့်လုံခြုံရေးတပ်ဖွဲ့(CDSOM) တာ၀န်ခံကိုနွေဦး က မြေလတ်အသံကို ပြောပါတယ်။

ဘီလူးစစ်ကြောင်းလို့ ကြွေးကြော်ပြီး မြောင်မြို့ပေါ်သို့ ၀င်လာတဲ့ စစ်ကြောင်းဟာ ဩဂုတ် ၃၁ ရက်မှာ အသက် ၂၁ နှစ်အရွယ်ရှိ နွားကျောင်းနေတဲ့ ပြည်သူတဦးကိုလည်း ဖမ်းဆီးကာ ဗိုက်ခွဲအူဖောက်ထုတ်သတ်ဖြတ်ပြီး အလောင်းအနီးမှာ ကင်းပုန်း၀ပ်ကာ ကာကွယ်ရေးအဖွဲ့တွေကို စောင့်နေခဲ့တယ်လို့ ဆိုပါတယ်။

"နွားကျောင်းသားလေးကို သတ်ပြီး လမ်းဘေးမှာ ဒီတိုင်းပစ်ချထားပြပြီးတော့ ကာကွယ်ရေးအဖွဲ့တွေ အလောင်းလာကောက်ရင်ပစ်ဖို့ ကင်းပုန်း၀ပ်စောင့်နေကြတာ။ လူမဆန်တဲ့လုပ်ရပ်ကို လုပ်တာပါ။ ဒါကြောင့် သူတို့စခန်းချနေတဲ့ ထွေအုပ်ရုံးကို တိုက်ခိုက်ခဲ့တာပါ" လို့ သူက ပြောပါတယ်။

ဒရုန်းဗုံးချတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လုံခြုံရေးကြောင့် စုံစမ်းအတည်တာမျိုး မလုပ်ဆောင်နိုင်သေးဘူးလို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုကို CDSOM (မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့)၊ မြောင်မြို့နယ် ပလဖ၊ ဆင်ရိုင်းစစ်ကြောင်း-မြောင်၊ မြောင်အမျိုး သမီးစစ်သည်တော်အဖွဲ့ M2W၊ စစ်ကိုင်းခရိုင်တပ်ရင်း ၄ -MSPDF၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၃၊ စစ်ကိုင်းခရိုင် တပ်ရင်း ၆ တပ်ခွဲ ၃၊ မြောင်မြို့မတိုက်နယ်နဲ့ နဂါးပေါက်တိုက်နယ် ပကဖ၊ Blood Brother၊ ဗိုလ်တထောင်အဖွဲ့၊ Bomb God အဖွဲ့၊ မြောင်မြို့နယ် ပကဖ ဒုတာဝန်ခံ ဗိုလ်တောက်ထွန်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ထွေအုပ်ရုံး #စစ်ကောင်စီတပ် #ဘီလူးစစ်ကြောင်း #ဒရုန်း #ဗုံးကြဲတိုက်ခိုက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10