ဘုတလင်က PDF စခန်းတခု စီးနင်းမီးရှို့ခံရပြီး ရဲဘော် ၃ ဦးပစ်ခတ်ခံရလို့ သေဆုံး

ဘုတလင်က PDF စခန်းတခု စီးနင်းမီးရှို့ခံရပြီး ရဲဘော် ၃ ဦးပစ်ခတ်ခံရလို့ သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အခြေစိုက် ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်သားတွေက ဇွန်လ ၄ ရက် နေ့လည် ၃ နာရီကျော်မှာ စီးနင်းဝင်ရောက်ကာမီးရှို့ပြီး ရဲဘော် ၃ ဦးပစ်ခတ်ခံရကာ သေဆုံးသွားတယ်လို့ PDF တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်ခံလိုက်ရတဲ့ ရဲဘော် ၃ ဦးမှာ ရဲဘော်နိုင်ဦး ၂၉ နှစ်၊ ကျော်ဇင်မျိုး ၁၉ နှစ်နဲ့ မှိုင်းကြီး  ၃၄ နှစ်တို့ဖြစ်ကြပြီး၊ စစ်ကောင်စီအင်အား ၁၂၀ ကျော်က စခန်းကိုလက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်က ပြောပါတယ်။

"ကျနော်တို့ ရဲဘော်တွေအကုန်လုံးက စခန်းမှာရှိနေတာဗျ။ မထင်မှတ်ဘဲနဲ့ စကစတွေက လက်နက်ကြီးတွေ၊ စက်လတ်တွေပစ်ပြီး ဝင်လာတာဗျ။ အဲဒီအချိန်မှာ ကျနော်တို့က ခုခံချိန် မရလိုက်ဘူးဗျ။ ကျသွားတဲ့ရဲဘော်သုံးယောက်က ထွက်ပြေးတဲ့အချိန်မှာ ကျည်မှန်ပြီးတော့ လဲကျကျန်ခဲ့တာ။ သေနတ်တွေက တရစပ်ပစ်နေတော့ ကျန်တဲ့ရဲဘော်တွေလည်းမကူနိုင်ခဲ့ဘူးဗျ" လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ရဲဘော် ၃ ဦးမှာ ထုတ်လုပ်ရေးပိုင်းကို အဓိက တာဝန်ရှိထားသူတွေဖြစ်ပြီး စစ်ကောင်စီ တပ်သားတွေက သတ်ဖြတ်ပြီးတော့ စခန်းမီးရှို့တဲ့အထဲ ပစ်ထည့်သွားကြတယ်လို့ ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် စခန်းကနေ ရုတ်တရက်ထွက်ပြေးခဲ့ရတာကြောင့် ကိုင်ဆောင်ထားတဲ့ လက်နက်တွေကလွဲလို့ စခန်းထဲကျန်ရှိခဲ့တဲ့ လက်နက်တွေနဲ့ မိုင်းတွေ၊ ယမ်းတွေ၊ ထုတ်လုပ်ရေးပစ္စည်းတွေကို ဘာတခုမှယူချိန်မရခဲ့ဘူးလို့ ဆိုပါတယ်။

စခန်းစီးနင်းခံရမှုမှာ တန်ဖိုးအားဖြင့် ကာလတန်ဖိုး သိန်း ၁ ထောင်နီးပါး ဆုံးရှုံးလိုက်ရတယ်လို့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ခေါင်းဆောင်က ပြောပါ တယ်။

"ကျနော်တို့စခန်းထဲကနေ အဝတ်တထည်၊ ကိုယ်တလုံးနဲ့ထွက်ပြေးလာခဲ့ရတာ။ စခန်းမှာ ကျန်ခဲ့တဲ့လက်နက်ပစ္စည်းတွေက သိန်း ၁ ထောင်ဖို့လောက်ရှိတယ်ဗျ။ ကျနော်တို့ရပ်တည်ဖို့ လုံးဝမလွယ်ကူတော့ဘူးဗျ။ အခု တစ်ကနေ ပြန်စရတော့မယ်။ ပြည်သူတွေကူညီပေးကြဖို့ကိုပဲ မျှော်လင့်ရတော့မယ်" လို့ ဆိုပါတယ်။

စခန်းကိုမီးရှို့သွားပြီးနောက် ၁ ရက်အကြာ ဇွန်လ ၅ ရက်ဒီမနက်အချိန်ထိ စစ်ကောင်စီတပ်သားတွေက စခန်းအနီးဝန်းကျင်မှာ ကင်းပုန်တွေချထားခဲ့မလားဆိုတဲ့ သံသယနဲ့ စခန်းပျက်စီးသွားတဲ့ အခြေအနေနဲ့ အသတ်ခံလိုက်ရတဲ့ရဲဘော် ၃ ဦး အလောင်းကို သွားမကောက်ရသေးဘဲ ရှိနေကြတယ် လို့သိရပါတယ်။

ပုံစာ - ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စခန်း စီးနင်းမီးရှို့ခံခဲ့ရစဉ်

 

စာတည်း - 007

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #စီးနင်းတိုက်ခိုက်မှု #စစ်ကောင်စီ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10