ဘုတလင်တခွင် လူသတ်မီးရှို့ လုပ်ခဲ့တဲ့ စစ်ကြောင်းက စိုင်ပြင်လေးရွာမှာ ၅ ရက်ကြာတပ်စွဲပြီး မီးရှို့ထားခဲ့

ဘုတလင်တခွင် လူသတ်မီးရှို့ လုပ်ခဲ့တဲ့ စစ်ကြောင်းက စိုင်ပြင်လေးရွာမှာ ၅ ရက်ကြာတပ်စွဲပြီး မီးရှို့ထားခဲ့

ဘုတလင်မြို့နယ်တခွင်ကို စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းက စီပါရွာဖြစ်စဥ်အပြီး စိုင်ပြင်လေးရွာမှာ ၅ ရက်ကြာ တပ်စွဲထားပြီး အဲ့ဒီရွာက အိမ်ကြီးအိမ်ကောင်း ၂၆လုံးကို မီးရှို့ကာ ဘုတလင်မြို့ပေါ်ကို ပြန်ရောက်သွားပြီလို့ သိရပါတယ်။

စစ်သားနဲ့ပျူစောထီး အင်အား ၁၅၀ ဝန်းကျင်ပါတဲ့ အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာ ၄ ရက်ကစတင်ကာ မုံရွာနမခကနေ ဘုတလင်မြို့ပေါ်အပါအဝင် မြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ လူဖမ်းသတ်ဖြတ်တာတွေကို လုပ်လာခဲ့တာပါ။

နောက်ဆုံး အောက်တိုဘာ ၁၇ ရက် သီတင်းကျွတ်လပြည့်နေ့မှာ စီပါရွာကိုဝင်ရောက်ခဲ့ပြီး သက်ကြီးပိုင်းအမျိုးသားတွေကို အပိုင်းပိုင်းခုတ်ဖြတ်သတ်ပြီးတဲ့နောက် နောက်တနေ့မှာ စိုင်ပြင်လေးရွာကို ထွက်သွားခဲ့ကြပါတယ်။

အောက်တိုဘာ ၁၈ ရက်ကစပြီး စိုင်ပြင်လေးရွာမှာ တပ်စွဲကာ တပ်စွဲတဲ့နေ့ ညနေပိုင်းကတည်းက စိုင်ပြင်လေးရွာမှာရှိတဲ့ အိမ်တွေကို စတင်မီးရှို့နေခဲ့တာလို့ မီးရှို့ခံလိုက်ရတဲ့ စိုင်ပြင်လေးရွာသား ၁ ဦးက မြေလတ်အသံကို ပြောပါတယ်။

" ကျနော်တို့အိမ်လည်းပါသွားပါပြီဗျ၊ ဘာမှကိုမကျန်တော့ဘူး၊ အကုန်လုံးပါသွားပါပြီဗျ၊ ဘာမှကို မကျန်တော့ပါဘူး၊ ကျနော့်အိမ်က စပါးတင်း ၁၀၀ လောက်နဲ့ ကုလားပဲတင်း ၆၀ မျိုးထားထားတာတွေလည်း ကုန်သွားပါပြီဗျ" လို့ ပြောပါတယ်။

မြေလတ်အသံက ဆက်သွယ်မေးမြန်းချိန်မှာ စိုင်ပြင်လေးရွာသားအချို့ မီးလောင်ထားတဲ့အိမ်တွေကို မီးငြှိမ်းဆဲအချိန်ပါ။

" အသက်မသေရုံကျန်တော့တာပဲ တအားပဲ ဝမ်းနည်းကြေကွဲနေရတာ မီးလောင်ပြင်ကြီးနဲ့ ကျနော်ဆို ညပိုင်းမီးလောင်တာကြီးမြင်ပြီး ဝမ်းတွေတအားနည်းနေတယ်၊ ကျနော့်အိမ်လည်းပါသွားတော့ ပိုဆိုးသွားတာပေါ့" လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

အိမ်ခြေ ၁၂၀ လောက်ရှိတဲ့ စိုင်ပြင်လေးရွာကို အောက်တိုဘာ ၁၈ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ကြာတပ်စွဲသွားတဲ့ စစ်အုပ်စုက အိမ်ကြီး၊အိမ်ကောင်းတွေချည်း ရွေးချယ်ကာ နေ့တိုင်းမီးရှို့ခဲ့ပြီး  ၂၆ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ပုံစာ - ဘုတလင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ ယာယီတိမ်းရှောင်နေသည့်နေရာ။ (ဓါတ်ပုံ - ကွီးဂဏန်း)
ပုံစာ - ဘုတလင်မြို့နယ်အတွင်းမှ စစ်ဘေးရှောင်များ ယာယီတိမ်းရှောင်နေသည့်နေရာ။ (ဓါတ်ပုံ - ကွီးဂဏန်း)

အောက်တိုဘာ ၂၃ရက် မနေ့က နေ့လယ်ပိုင်းမှာ စိုင်ပြင်လေးရွာက ဒေသခံ ၈ ဦးအပါ ဘုတလင်နယ်တဝှိုက်က ပြည်သူ ၄၀ ဝန်းကျင်ကိုဖမ်းပြီး ဘုတလင်မြို့ပေါ်ကို စစ်ကြောင်းပြန်ဝင်သွားခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#ဘုတလင် #စိုင်ပြင်လေးရွာ #စစ်ကောင်စီ #မီးရှို့ 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10