ဘုတလင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်း သေဆုံး

ဘုတလင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် ၁ ဦးလည်း သေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မောင်းထောင်စံပြကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အနီးကပ်တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တွေဆီက သိရပါတယ်။ 

ဩဂုတ် ၁၁ ရက်မှာ အင်အား ၁၆၀ ပါတဲ့ စကခ ၄ လက်အောက်ခံ ခမရ ၇၀၂ နဲ့ ခမရ ၇၀၈ ပူးပေါင်း စစ်ကြောင်း မောင်းထောင်ရွာကို ဝင်ရောက်မွှေနှောက်နေချိန် ကာကွယ်ရေးတပ်တွေက ရွာထဲကိုဝင်ကာ ပေ ၂၀ အကွာကနေ အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဩဂုတ် ၁၂ ရက်မှာလည်း မောင်းထောင်ရွာကနေ ချောင်းဆုံရွာဘက်ကို စစ်ကြောင်းဝင် အထိုင်ချနေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲ ၁ နာရီနီးပါး ကြာမြင့်ခဲ့ကာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး စစ်ကောင်စီဘက်ကပစ်တဲ့ ၆၀ မမ ထိမှန်တဲ့အတွက် ရဲဘော်တဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မောင်းထောင်မှာကျ သူတို့ဝင်နေတဲ့ ခြံစည်းရိုးအပြင်ကနေ ပစ်ရတာ၊ သူတို့က ကျနော်တို့ကို ကျောပေးပြီး အိမ်ကိုမွှေ‌နေတော့ အပိုင်ပစ်လိုက်တာပေါ့။ ဒုတိယနေ့ကတော့ သူတို့ သီချင်းညည်းသံတွေ ကြားရတဲ့ထိ ကပ်သွားပြီးမှ ကျနော်တို့ဆီက စက်ပေါက်သံထွက်လာလို့ နည်းနည်းပြန်ဆုတ်ပြီး ပစ်ရတာ။” လို့ ကိုယ်တိုင်တိုက်ပွဲဝင်ခဲ့တဲ့ တပ်ခွဲမှူး အောင်ပိုင်က ပြောပါတယ်။

၂ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၅ ဦးကျော်သေဆုံးတာကို တိုက်ပွဲဝင်ရဲဘော်တွေ ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း လက်နက်ကြီးထိမှန်လို့  ရွှေဘိုခရိုင်တပ်ရင်း ၂၆ MDF က အသက် ၁၉ နှစ်အရွယ် ရဲဘော် တင်ဝင်းအောင် (ခ) လူမင်း သေဆုံးခဲ့ကာ ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“တခြားတပ်ရင်းကလူတွေလည်း လက်နက်ကြီးထိတာရှိတယ်။ ကျည်တော့မထိဘူး၊ ကျနော်တို့တပ်ရင်းက ကျနော်အပါအဝင် ၂ ယောက် လက်နက်ကြီးရှပ်ထိလို့ ပြန်ဆုတ်နေချိန် ကိုယ့်ဘက်က လက်နက်ကြီးပစ်တဲ့သမားတွေဆီကို ရန်သူဘက်က ၆၀ မမ ကောင်တာပြန်တာ၊ အဲ့ ၆၀ က လက်နက်ကြီးပွိုင့်ကို ကျပြီး ရဲဘော်တယောက်ကျတယ်၊ ၂ ယောက်က နည်းနည်းပြင်းထန်တယ်။”လို့ တပ်ခွဲမှူး အောင်ပိုင်က ပြောပါတယ်။

ဒီတိုက်ပွဲကို MDF ဗဟိုတပ်ရင်း၊ MDF ဘုတလင်တပ်ခွဲ ၊ မုံရွာခရိုင် အမှတ်၂၀တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၁၆၊ SRAF၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂ နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့အစည်းတွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဩဂုတ် ၁၃ ရက်မှာလည်း သခွပ်တနယ်ရွာက တိုက်နယ်ဆေးရုံအပါအဝင် နေအိမ်ဆိုင်ခန်းတွေကို တရက်တည်း ၂ ကြိမ်ဆက်တိုက် မီးတင်ရှို့ခဲ့ပြီး စစ်ကြောင်းထွက်ချိန် မီးငြှိမ်းတဲ့ ပြည်သူတွေကိုလည်း လိုက်လံပစ်ခတ်လို့ ကျည်ထိမှန်သူတွေရှိနေကာ သေဆုံးထိခိုက်ကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ ဩဂုတ် ၁၄ ရက် မနေ့ကလည်း ဘုတလင်တဝိုက်ကို စစ်ကြောင်းပတ် ထိုးနေပြီး MDF တပ်ခွဲစခန်းတခုကို မီးရှို့ဖျက်ဆီးသွားပြီး ရဲဘော် ထိခိုက်မှုမရှိပေမယ့် ပစ္စည်းတွေတော့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - တိုက်ပွဲအတွင်း သေဆုံးခဲ့သည့်ရဲဘော်နှင့် ဒဏ်ရာရရဲဘော်တချို့။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်ကောင်စီ #ကာကွယ်ရေးတပ်ဖွဲ့ #တိုက်ပွဲ #နှစ်ဖက်ထိခိုက်သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10