ဘုတလင်နယ်က ရွာတွေမှာ စစ်ကြောင်းထိုး ရိက္ခာစုဆောင်းပြီးနောက် ဖမ်းထားတဲ့အမျိုးသမီးတချို့ကို စစ်တပ် ပြန်လွှတ်ပေး

ဘုတလင်နယ်က ရွာတွေမှာ စစ်ကြောင်းထိုး ရိက္ခာစုဆောင်းပြီးနောက် ဖမ်းထားတဲ့အမျိုးသမီးတချို့ကို စစ်တပ် ပြန်လွှတ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကြောင်းထိုး ရိက္ခာစုဆောင်းပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ ဖမ်းဆီးထားတဲ့ ပြည်သူတွေထဲမှ အမျိုးသမီးတချို့ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းလောက်မှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ကနေထွက်လာတဲ့ စစ်ကြောင်းဖြစ်ပြီး စစ်ကြောင်းထွက်လာတဲ့နေ့မှာပဲ ဇီးတော၊ ကံသစ်၊ ရွှေချောင်းလည်၊ သရက်တို၊ မွန်တော၊ မောင်းထောင်စတဲ့ ရွာက ဒေသခံ ၇၀ ကျော်ကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဓားစာခံအဖြစ်ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေထဲက အမျိုးသမီး ၁၅ ဦးကို ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ 

"ဒီနေ့ နေ့ခင်းပိုင်း အောင်ချမ်းသာရွာနဲ့ ကတိုးရွာက ပြည်သူပိုင် ရိက္ခာနဲ့ ပစ္စည်းတွေကို ခိုးယူပြီး ကူတော်ကိုသယ်နေတယ်။ ရိက္ခာစုနေတဲ့သဘောပဲ၊ ကူတော်ကို ပြန်အထိုင်ချမယ်ထင်တယ်" လို့ ဒေသတွင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူ ဦးထွန်းက မြေလတ်အသံကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပြီးပြန်လွှတ်ပေးလိုက်တဲ့ပြည်သူတွေဟာ မြို့နယ်တွင်းကျေးရွာက ပြည်သူတွေဖြစ်ပြီး ဘုတလင်မြို့ပေါ်က ပြည်သူတွေ မပါသေးဘူးလို့ သူက ပြောပါတယ်။

လက်ရှိအခြေအနေရ လွတ်မြောက်လာသူ ၁၅ ယောက် ဝန်းကျင်ပဲအတည်ပြုလို့ရပြီး တချို့ကျေးရွာတွေကို အဆက်အသွယ်မရသေးလို့ အရေအတွက် ထပ်မံမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းပတ်ထိုးပြီး စီပါရွာမှာ တညအိပ်စခန်းချခဲ့ကာ ရွာထဲက နွားတွေကို သတ်ဖြတ်စားသောက်ခဲ့သလို နေအိမ်တွေကိုလည်း ဝင်ရောက်မွှေနှောက်ခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

စီပါရွာကထွက်လာပြီး ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီ ၄၀ ခန့်မှာတော့ ကင်းစမ်းရွာအနောက်ဘက် မူးဘောင်နဲ့ မကျည်းပင်ကြားမှာ ဒေသကာကွယ်ရေးတပ်နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီစစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့် ဘုတလင်မြို့နယ်အတွင်းက ကူတော်၊ ကတိုး၊ အောင်ချမ်းသာ၊ တက်လှိုင်း၊ ကင်းစမ်း၊ မြောက်တော၊ မြောက်ကျည် စတဲ့ကျေးရွာက ပြည်သူ ၁၇,၀၀၀ ကျော် နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။ 

ကူတော်ရွာကို စစ်ကောင်စီတပ်သားတွေဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က တပ်စွဲထားတာဖြစ်ပြီး အဲဒီကတည်းက ရွာကဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့တာ ဖြစ်ပါတယ်။

ပုံစာ - စစ်ကိုင်းတိုင်းအတွင်းမှ စစ်ရှောင်အချို့အား တွေ့ရစဉ်။ (ပုံဟောင်း)

သတင်း - သိုက်ထွန်း၊ စာတည်း - JCG

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #ကူတော်ရွာ #စစ်ကောင်စီ #စစ်ကြောင်း #ဓားစာခံ #အမျိုးသမီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10