ဘုတလင်မြို့ မီးသတ်ဦးစီးဌာနက ဝန်ထမ်း ၂၀ ခန့်ကို ပကဖက ဖမ်းဆီးပြီး မီးသတ်ကား ၂ စီးပါယူဆောင်နိုင်ခဲ့

ဘုတလင်မြို့ မီးသတ်ဦးစီးဌာနက ဝန်ထမ်း ၂၀ ခန့်ကို ပကဖက ဖမ်းဆီးပြီး မီးသတ်ကား ၂ စီးပါယူဆောင်နိုင်ခဲ့

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မီးသတ်ဦးစီးဌာနက ဦးစီးမှူးအပါအဝင် ဝန်ထမ်းအားလုံးနဲ့ မိသားစုဝင်တချို့ကို သြဂုတ် ၇ ရက်နေ့လယ် ၃ နာရီကျော်မှာ ဘုတလင်မြို့နယ် ပကဖအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ပကဖအဖွဲ့ဝင်တဦးက ပြောပါတယ်။

မြို့နယ်ဦးစီးမှူးအပါအဝင် မီးသတ်ဝန်ထမ်း ၁၃ ဦးနဲ့ မိသားစုဝင် ၅ ဦးထက်မနည်းကို ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံ PDF အဖွဲ့တွေက မီးသတ်ဌာနကို ဝင်ရောက်ပြီးတော့ အခုလို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"သူတို့(မီးသတ်)က Non-CDM တွေဖြစ်လို့ ဖမ်းဆီးခဲ့တာ။ အခုတော့ အကုန်လုံးကို လွတ်မြောက်နေရာကို ပို့ဆောင်ထားလိုက်ပြီ။ ဒီအထဲက ၂ ယောက် ထွက်ပြေးသွားတယ်လို့ ကြားရပေမယ့် အတည်ပြုလို့ မရသေးဘူး"လို့ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် မီးသတ်ဦးစီးမှူးနဲ့အတူ ၀န်ထမ်းတွေနဲ့ ၀န်ထမ်းမိသားစုဝင်တွေကို ဝင်ရောက်ဖမ်းဆီးချိန် မီးသတ်ကား ၂ စီးကိုပါ ယူဆောင်လာခဲ့ပြီး လက်ရှိမှာတော့ သူတို့ဟာ CDM ဝင်မယ်ဆိုပြီး ပြောဆိုလာတာကြောင့် လွတ်မြောက်နယ်မြေကို ပို့ဆောင်လိုက်ပြီလို့လည်း အထက်ပါရဲဘော်က ပြောပါတယ်။

"ခေါ်သွားတာ ၂၀ နီးပါးပဲ။ ဦးစီးမှူးနဲ့ မီးသတ်၀န်ထမ်းက ၁၃ ယောက်၊ ကျန်တာ မိသားစုတွေ။ မီးသတ်ဌာနက ကားနှစ်စီးလည်း ယူသွားတယ်။ ကျန်တဲ့ အသေးစိတ်ကိုတော့ စုံစမ်းနေတုန်းပါ"လို့ မီးသတ်ဦးစီးနဲ့ နီးစပ်သူတဦးကလည်း မြေလတ်အသံကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ဘုတလင်မြို့ပေါ်နဲ့ကျေးရွာအချို့ကို ဒီကနေ့သြဂုတ် ၈ ရက် မနက်ပိုင်းကစတင်ပြီး အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး၀င်ရောက် ရှာဖွေမှုတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံအချို့က ပြောပါတယ်။

ပုံစာ - ဘုတလင်မြို့မီးသတ်ဌာန (ပုံဟောင်း)။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #မီးသတ်ဝန်ထမ်း #ဘုတလင်ပကဖ #ဖမ်းဆီးထိန်းသိမ်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10