ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး PDF တပ်စိတ်မှူး ၁ ဦးသေဆုံး

ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး PDF တပ်စိတ်မှူး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အောက်တိုဘာ ၂၇ ရက် မနက် ၇ နာရီမှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် PDF တပ်စိတ်မှူး ၁ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၃ တပ်ရင်းက ပြောပါတယ်။

သေဆုံးသူမှာ မုံရွာခရိုင်အမှတ် ၁၃ တပ်ရင်းမှ အသက် ၂၀ အရွယ် တပ်စိတ်မှူး စည်ကြီး ဖြစ်ပြီး တိုက်ပွဲအတွင်း ကျည်ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

"စစ်ကြောင်းရှိတာကြောင့် ရဲဘော်ကို မနေ့ကပဲ ချက်ချင်းသင်္ဂြိုလ်လိုက်ရပါတယ်" လို့ မုံရွာခရိုင်အမှတ် ၁၃ တပ်ရင်းမှ ရဲဘော်တဦးက ပြောပါတယ်။

မုံရွာမြို့အခြေစိုက် နမခမှ စစ်ကောင်စီတပ်သား အင်အား ၃၀ ခန့်ပါ ခြေလျင်စစ်ကြောင်းက ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးလာချိန် ဇီးတောရွာအနီးမှာ မိနစ် ၃၀ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အထက်ပါ PDF ရဲဘော်က ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၅ ဦးခန့် သေဆုံးနိုင်သလို တိုက်ပွဲဖြစ်ရာနေရာက ယူနီဖောင်း ၁ ထည်၊ ၄၀ မမ ၁ လုံး၊  7.62 ကျည် ၈၂ တောင့်၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ဆွဲကြိုး ၂ ကုံး၊ ကျောက်စိမ်း ၆ လုံး၊ ကျည်ဘောက် ၃ ခု၊ ပိုက်ဆံ ၅၀၀၀ ကျပ်၊ စစ်သုံးအိတ် ၁ လုံး အပါအဝင် တခြားပစ္စည်းတွေပါသိမ်းဆည်းရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင် အမှတ် ၁၃ တပ်ရင်း (အောင်ဆန်းမျိုးဆက်)၊ ဘုတလင်မြို့နယ်မှ ကျောင်းသားလက်ရုံးတပ်တော်၊ ဒေသခံကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက ဇီးတောကျေးရွာထဲကို ဝင်ရောက်ခဲ့သလို အနီးအနား ကျေးရွာတွေကိုလည်း အောက်တိုဘာ ၂၈ ရက် ဒီကနေ့အထိ ဝင်ရောက်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ပုံစာ - ဇီးတောရွာအနီးတိုက်ပွဲမှ သိမ်းဆည်းရရှိခဲ့သည့် စစ်ကောင်စီတပ်ပစ္စည်းများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဘုတလင်မြို့နယ် #ဇီးတောကျေးရွာ #စစ်ကောင်စီ #PDF #တပ်စိတ်မှူး #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10