ဘုတလင်မှာ နေအိမ်တံခါးဖွင့်မပေးတဲ့ မိသားစုဝင် ၆ ဦးအပါ လူ ၁၂ ဦးကို စစ်ကောင်စီတပ်က ၁ ရက်တည်း သတ်ဖြတ်

ဘုတလင်မှာ နေအိမ်တံခါးဖွင့်မပေးတဲ့ မိသားစုဝင် ၆ ဦးအပါ လူ ၁၂ ဦးကို စစ်ကောင်စီတပ်က ၁ ရက်တည်း သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာ ကလေး ၃ ဦးပါဝင်တဲ့ မိသားစုဝင် ၆ ဦးအပါ လူ ၁၂ ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၁ ရက်တည်း ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၂ ရက် မနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ဘုတလင်မြို့၊ ဗန္ဓုလရပ်ကွက်ရှိ ဦးဖိုးကြာ+ဒေါ် သင်းကုန်စုံဆိုင်ကို စစ်ကောင်စီတပ်သားအင်အား ၂၅ ဦးဝန်းကျင်က ကား ၁ စီး၊ ခြေလျင်စစ်ကြောင်းတွေနဲ့ရောက်ရှိလာပြီး တံခါးဖျက်ဝင်ရောက်ကာ နေအိမ်ရှိမိသားစုဝင်အားလုံးကို ပစ်သတ်သွားတာလို့ ဆိုပါတယ်။

“ ဆိုင်တံခါးလည်း ရိုက်ဖွင့်တယ်။ အိမ်ဝန်းတံခါးကို ရိုက်ဖွင့်ပြီးမှ နောက်ဖေးတံခါးတွေကနေ ပတ်ဝင်ပြီးမှ ပစ်သတ်သွားတာ။ အကုန်ခေါင်း(ဦးခေါင်း)တွေချည်း တေ့ပစ်ထားခဲ့တာ။ ကိုဖိုးကြာကတော့ လက်ပြန်ကြိုး တုပ်ထားတယ်။" လို့ မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့လို့ ဦးဖိုးကြာ အသက် ၆၀ နှစ်ကျော်၊ ဇနီးဖြစ်သူ မမာသင်း  ၅၅ နှစ်ဝန်းကျင်၊ သမီးကြီး ခင်မိုးသဲဦး ၂၅ နှစ်ဝန်းကျင်၊ သားငယ် ရွှေဖြိုးအောင် ၁၆ နှစ်၊ တူမဖြစ်သူ မထက်ထက်အောင် အသက် ၁၂ နှစ်ဝန်းကျင်၊ တူမဖြစ်သူ မေပျိုပျို အသက် ၅ နှစ်ဝန်းကျင်တို့ ၆ ဦးမှာ နေရာမှာပဲသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုလိုက်သတ်ဖြတ်မခံရမီ အောက်တိုဘာ ၁၁ ရက်ညပိုင်းမှာ ဗန္ဓုလရပ်ကွက်နဲ့ကပ်လျက်ရှိတဲ့ မြောက်ကျီဘုန်းကြီးကျောင်းမှာတပ်စွဲဖို့ စစ်ကောင်စီစစ်ကြောင်းက စတင်ထွက်ခွာလာချိန် ရပ်ကွက်ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ဖမ်းဆီးခဲ့ပြီး ဦးဖိုးကြာတို့အိမ်ကိုလည်း တံခါးလာခေါက်ခဲ့ပေမယ့် ဦးဖိုးကြာမိသားစုက တံခါးဖွင့်မပေးခဲ့ဘဲ နောက်နေ့မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေက အိမ်ကိုတံခါးဖျက်ဝင်ရောက်ကာ မိသားစုလိုက်သတ်ဖြတ်ခဲ့တာလို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ဦးဖိုးကြာမိသားစုဟာ ဘုတလင်မြို့နယ် ကျေးရွာတခုဇာတိကနေ ဗန္ဓုလရပ်ကွက်မှာ ကုန်စုံဆိုင်ဖွင့်လှစ်ထားတာဖြစ်ပြီး ဘုတလင်မြို့ပေါ်တော်လှန်ရေးအသိုင်းအဝိုင်းက ၎င်းတို့မိသားစုကို စစ်တပ်ထောက်ခံသူတွေလို့ စွပ်စွဲပြောဆိုမှုတွေရှိနေကာ အဆိုပါစွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း ကျန်ရစ်တဲ့မိသားစုဝင်က ငြင်းဆိုပါတယ်။

“ (စစ်အာဏာသိမ်းပြီး)ဆန္ဒတွေပြတော့ အဲ့ဒီအိမ်က ထမင်းကျွေးတယ်၊ အအေးဘူးတွေ ဝေတယ်။ ဒါတွေလည်း ငါတို့မှာ သက်သေရှိတယ်။ **တရွာလုံး အင်္ကျီတွေ ဝေတယ်၊ ဆန္ဒပြတဲ့သူတွေ ထမင်းဘူးတွေဝေတယ်၊ သူ(ဦးဖိုးကြာ)တယောက်တည်း အကုန်ကျခံပြီးလုပ်တယ်” လို့ ၎င်းက ပြောပါတယ်။

“ သန်းခေါင်စာရင်းတွေ လှည့်ပတ်ကောက်တုန်းကလည်း မနက် ၄ နာရီလောက် သန်းခေါင်စာရင်းတွေလှည့်ကောက်တာ ဘုတလင်မြို့တိုင်း၊ လွန်ခဲ့တဲ့ ၁ လလောက်ကပေါ့ အဲ့တုန်းကလည်း ၂ ခါဆက်တိုက်ပဲ တံခါးဖွင့်မပေးဘူး။”

ဘုတလင်မြို့ကို စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူချိန်မှာလည်း ဦးဖိုးကြာမိသားစု ပူးပေါင်းမှုမရှိကြောင်းကို ခုလိုဆက်ပြောပြပါတယ်။

ဦးဖိုးကြာမိသားစု ရုပ်အလောင်းတွေကို ရပ်ကွက်ပြည်သူတွေရဲ့ အကူအညီနဲ့ကောက်ယူခဲ့ပြီး ဇာတိကျေးရွာမှာ သင်္ဂြိုဟ်ဖို့လုပ်ဆောင်ခဲ့ပေမယ့် စစ်တပ်က လေကြောင်းနဲ့ပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် အနီးနားက ကျေးရွာတခုမှာသာ နေ့ချင်းသင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ ဗန္ဓုလရပ်ကွက်ရှိ ဆေးဆိုင်တခုက ဝန်ထမ်းအမျိုးသားနဲ့ ဆံပင်ညှပ်တဲ့ အမျိုးသမီးကို စစ်ကောင်စီတပ်က ထပ်မံသတ်ဖြတ်သွားခဲ့ပြီး ၎င်းသေဆုံးသူတွေရဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် နေ့လယ် ၁‌၁ နာရီခွဲဝန်းကျင်မှာလည်း ဗန္ဓုလရပ်ကွက်နဲ့ကပ်လျက်ရှိတဲ့ ကျေးရွာတွေဖြစ်တဲ့ ရှမ်းတဲနဲ့ မြောက်ကျီရွာကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးခဲ့ပြီး မြောက်ကျီရွာခံ အမျိုးသမီး ၃ ဦး အပါအဝင် ပြည်သူ ၈ ဦးခန့်ကို ဖမ်းဆီးခဲ့ကာ အဲ့ဒီထဲက  ၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ကနဦး သေဆုံး(သိရ)တာတော့ မေးတာဖြေတာ ကျွတ်ဆတ်ဆတ်ပြောလို့ဆိုပြီး ပစ်သတ်လိုက်တယ်လို့ သိရတယ်။”လို့ မြောက်ကျီရွာသားတဦးက ပြောပါတယ်။

အဆိုပါသတ်ဖြတ်မှုအတွင်း သေဆုံးသူ ၄ ဦးမှာ မြောက်ကျီရွာက ‌အသက် ၆၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၅၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၂၀ကျော် အမျိုးသား ၁ ဦးနဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ၁ ဦးတို့ဖြစ်တယ်လို့  ဆိုပါတယ်။

ဘုတလင်မှာ သတ်ဖြတ်မှုတွေလုပ်ဆောင်နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာပထမပတ်အတွင်း မုံရွာနမခကနေ ဘုတလင်ရဲစခန်းကို ရောက်ရှိလာတဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိ သပြေပင် ၊ ရှမ်းတဲ ၊ တလိုင်း ၊ ပဲပြစ်တောအပါအဝင် ကျေးရွာ ၁၀ ရွာနီးပါးကို စစ်ကြောင်းထိုးနေလို့ ရွာခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #စစ်တပ် #ဒေသခံ #သတ်ဖြတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10