ဘုန်းကြီးကျောင်းထဲ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးကြဲခံရလို့ စစ်ဗိုလ် ၁ ဦးအပါ ၅ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပင်တောင်ရွာက ဘုန်းကြီးကျောင်းထဲမှာ တပ်စွဲနေတဲ့ စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒရုန်း ၃ စီးနဲ့ ဗုံးကြဲချတိုက်ခိုက်ရာ စစ်ဗိုလ် ၁ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရတယ်လို့ ပေါက်တောင်ပိုင်း ပကဖ တပ်ဖွဲ့ လေ့ကျင့်ရေးနဲ့ အင်အားစုဖွဲ့ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီ ပူးပေါင်းတပ်တွေ အထိုင်ချ တပ်စွဲနေတဲ့ ဘုန်းကြီးကျောင်းထဲကို ဇန်နဝါရီ ၁၃ ရက် မနက် ၈ နာရီမှာ ဒရုန်း ၃ စီးနဲ့ ဗုံးသီး ၂၄ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ သစ်ချိုကုန်းက စစ်ဗိုလ် ၁ ဦးအပါ စစ်ကောင်စီဘက်က ၅ ဦး ဒဏ်ရာရလို့ ဆေးကုသနေတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ပင်တောင်ရွာက ဘုန်းကြီးကျောင်းထဲမှာ ကပစ ၂၄ က စစ်သားတွေ အပါအဝင် ပေါက်မြို့ပေါ် ရဲစခန်းက ရဲတွေနဲ့ ပင်တောင်ရွာက ပျူစောထီး ၈၀ ၀န်းကျင် စခန်းချနေတာ ၂ နှစ်ကြာပြီလို့ သိရပါတယ်။ 

တိုက်ခိုက်မှုဖြစ်ပြီးနောက် ကပစ ၂၄ တပ်ထဲကနေ ဟောင်ဝှစ်စာ လက်နက်ကြီး ၄ ချက်လှမ်းပစ်တာကြောင့် ပေါက်တောင်ဘက်နဲ့ ဇီးတောရွာစပ်ကို ကျရောက်ပေါက်ကွဲလို့ နေအိမ်ပျက်စီးမှုတွေလည်းရှိတယ်လို့ သိရပါတယ်။

ဗုံးကြဲချတိုက်ခိုက်မှုကို ပေါက်တောင်ပိုင်း ပကဖ တပ်ဖွဲ့နဲ့ ပေါက် ဇုန် ၂ ဒေသခံ ပကဖ တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပေါက် #စစ်ကောင်စီ #တပ်ဖွဲ့ #ဒရုန်း #ဗုံးကြဲခံရ #ထိခိုက် #တိုက်ပွဲ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10