ဘုန်းကြီးကျောင်းးမှာစစ်ရှောင်နေတဲ့ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ခဲ့

ဘုန်းကြီးကျောင်းးမှာစစ်ရှောင်နေတဲ့ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ခဲ့

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာက ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ စစ်ရှောင် ပုန်းနေတဲ့ ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေ ၁၁ ရက် ဒီမနက် ၅ နာရီဝန်းကျင်မှာ လက်ထုတ္တောရွာနဲ့ ၁ မိုင်အကွာရှိ ချောင်းဦးမြို့၊ နတ်ရေကန်ရွာက စစ်ကောင်စီစစ်ကြောင်းနဲ့ မြောင်လမ်းခွဲက စစ်ကြောင်း ၂ ခုပေါင်းပြီး အင်အား ၁၀၀ ကျော်နဲ့ ရွာကို နှစ်ဖက်ညှပ်ကာ ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာတာလို့ ဆိုပါတယ်။

“ရွာထဲမှာ တောက်လျှောက်ပစ်တော့ ပြေးချိန်မရတော့ဘဲ ဘုန်းကြီးကျောင်းတွေထဲပဲ ပြေးဝင်ရှောင်ကြတာ၊ ဘုန်းကြီးကျောင်းထဲက လူတွေကိုခေါ်ထုတ်ပြီး အပြင်မှာအစုလိုက်အပြုံလိုက် ပစ်သတ်သွားတာ၊ ပြည်သူတွေချည်းပဲ”လို့ CDSOM အဖွဲ့မှ ကိုနွေဦးက ပြောပါတယ်။

အခုလက်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းက ၂၃ လောင်း၊ နောက် ၁ ကျောင်းက ၅ လောင်းနဲ့ ရွာထဲလမ်းမကြီးမှာ ၂ လောင်း စုစုပေါင်း ၃၀ တွေ့ရှိထားပြီး အမျိုးသမီးအလောင်း ၃ လောင်းပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။  

သတ်ဖြတ်ခံရသူတွေထဲမှာ လက်ထုတ္တောရွာခံတွေအပြင် ဝမ်းပြည့်ရွာကနေ ပန်းရံလာလုပ်တဲ့ လူငယ်တွေပါ ပါဝင်ပြီး ထပ်တိုးသေဆုံးအလောင်းတွေလည်း တွေ့နေဆဲပဲဖြစ်လို့ သေဆုံးအရေအတွက်ကို အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။  

“အကုန်လုံးကို ထိုင်ခိုင်းပြီး ပစ်သတ်သွားတဲ့ ပုံစံမျိုး၊ တချို့ကတော့ ရွာထဲမှာ ပြေးရင်းလွှားရင်း ပစ်သတ်ခံရတာ။”လို့ ကိုနွေဦးက ပြောပါတယ်။

အလောင်းတချို့က ဦးခေါင်းပွင့်ဒဏ်ရာတွေနဲ့ သေဆုံးထားကာ ရာသီဥတုပူပြင်းတဲ့အတွက် ပုပ်မှာစိုးလို့ ဒေသခံတွေက ချက်ချင်းသင်္ဂြိုဟ်ဖို့လုပ်နေကြရပြီး တချို့အလောင်းတွေကိုတော့ သက်ဆိုင်ရာ မိသားစုက လာရောက်ယူဆောင်ပြီး သင်္ဂြိုဟ်ဖို့ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြည်သူတွေကို သတ်ဖြတ်ပြီးပြီးချင်းမှာပဲ ရွာကိုမီးရှို့ပြီး သူတို့လာရာ ကျေးရွာအထိုင်စခန်းတွေကို ပြန်ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခံရတဲ့ ဒေသခံအမျိုးသား၊ အမျိုးသမီးတွေလည်း ရှိနေပြီး သူတို့ရဲ့ အသက်အန္တရာယ်အတွက်လည်း စိုးရိမ်စရာရှိတယ်လို့ ဆိုပါတယ်။

လက်ထုတ္တောရွာဟာ ပြီးခဲ့တဲ့ ၂၀၂၃ မေ ၆ ရက်ကလည်း အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့အနက် ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတဲ့ ကျေးရွာတရွာဖြစ်ပါတယ်။

စာတည်း - လင်း 

#‌မြေလတ်အသံ

#စစ်ကိုင်း #မြင်းမူ #လက်ထုတ္တောကျေးရွာ #စစ်ကောင်စီ #သတ်ဖြတ် #ဒေသခံ #အစုလိုက်အပြုံလိုက်သတ် #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10