ဘုန်းကြီးဝါသဝရဲ့ ပျူစောထီးစစ်ကြောင်းက ခင်ဦးနယ်က ရွာ ၁၂ ရွာကို ဆက်တိုက်မီးရှို့

ဘုန်းကြီးဝါသဝရဲ့ ပျူစောထီးစစ်ကြောင်းက ခင်ဦးနယ်က ရွာ ၁၂ ရွာကို ဆက်တိုက်မီးရှို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြိုနယ်က ကျေးရွာ ၁၂ရွာကို စစ်ကောင်စီတပ်ပူးပေါင်းတပ်ဖွဲတွေက ဝင်ရောက်မီးရှို့နေတာကြောင့် ဒေသခံထောင်နဲ့ချီကာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတယ်လို့ ခင်ဦးမြို့နယ်ပကဖတပ်ဖွဲ့ထံက သိရပါတယ်။

အင်အား၂၀၀ ခန့်ပါတဲ့ ကန့်ဘလူနယ်ပျူစောထီး ဘုန်းကြီးဝါသဝလက်အောက် ပျူစောထီးတွေနဲ့ ခမရ ၃၆၁ ပူးပေါင်းစစ်ကြောင်းက ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်ကစတင်ကာ ဒီကနေ့ စက်တင်ဘာ ၁၀ ရက် နေ့လယ် ၃နာရီကျော်အထိ ခင်ဦးကကျေးရွာတွေကို တရွာပြီးတရွာ ဝင်ရောက်မီးရှိနေတာလို့ ဆိုပါတယ်။

"အခုလည်းမီးရှို့နေတယ်ဗျ။ ပေါက်သင်တုံ၊ ဂျပိုရွာနှစ်ရွာကိုကိုမီးရှိနေတာ။ မနက် ၁၀ နာရီထိုးကတည်းက အခုချိန်ထိရှိနေတာဗျ" လို့ ခင်ဦးမြို့နယ်မှ PDF ရဲဘော်တဦးက ပြောပါတယ်။

မီးရှို့ ခံရတဲ့ကျေးရွာဟာ မဒေါင်းလှပျူစောထီးရွာစစ်တပ်စခန်းအနီးပတ်ဝန်းကျင်မှာရှိတဲ့ သနပ်စိန်၊ ပေါက်တော၊ ငကြိုင်း၊ အင်ကြင်းပင်၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ စည်ဆုံလေး၊ ဂျပို၊ ပေါက်သင်တုံ၊ စောကြီး၊ မိုးနတ်စတဲ့ကျေးရွာတွေဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၁၅ရက်နဲ့ ၃၁ရက်တွေမှာ ရွှေဘို-ကန့်ဘလူ-ခင်ဦးစတဲ့မြိုနယ် ၃ ခုအစပ်မှာတည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ မဒေါင်းလှရွာပျူစောထီးစစ်တပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာတွေကိုအခုလို ဝင်ရောက်မီးရှို့နေတာပါ။

"မဒေါင်းလှကိုတိုက်တဲ့အခါ သိမ်းပိုက်နိုင်ခါနီးမှာ လေကြောင်းကနေဆက် တိုက်ပစ်ကူပေးတာ။ ကန့်ဘလူကနေ စစ်ကူလာခဲ့တော့ အင်အားများသွားတာပေါ့။ သူတို့(စကစ)က မဒေါင်းလှကို တိုက်လို့ ရွာတွေကိုပြန်လုပ်တဲ့(မီးဝင်ရှို့နေတဲ့)သဘောပေါ့"လို့ ခင်ဦးမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့တဲ့အပြင် မဒေါင်းကြီးကျေးရွာမှ ပြည်သူ ၄ ဦးကိုလည်း သတ်ဖြတ်သွားရာ လက်ရှိအချိန်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂ထောင်ကျော်ရှိနေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

"အသတ်ခံရသူတွေရဲ့အသေးစိပ်အချက်အလက်တွေကိုတော့ မသိရသေးဘူး။ စကစကခြေရှုပ်နေလို့ ရွာတွေထဲကို မဝင်နိုင်သေးဘူး။ ထွက်ပြေးနေရသူတွေကတော့ လောလောဆယ်မှာဖြစ်သလို စားနေရတယ်ပေါ့" လို့ PDFရဲဘော်တဦးကပြောပါတယ်။

စာတည်း- ဟိန်းစံ။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10