ဘုရားပွဲပြန် ဘုရားဖူးဟိုင်းလတ်ယာဉ် ချောက်ထဲကျတိမ်းမှောက်လို့ ၆ ဦးသေဆုံး

ဘုရားပွဲပြန် ဘုရားဖူးဟိုင်းလတ်ယာဉ် ချောက်ထဲကျတိမ်းမှောက်လို့ ၆ ဦးသေဆုံး

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မီးသွေးဖုတ်ကျေးရွာအနီးမှာ ဘုရားဖူးယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်လို့ ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့သူတွေထံက သိရပါတယ်။

မတ် ၁၅ ရက် မနေ့ညနေ ၅ နာရီခန့်မှာ အုန်းချောရွာ၊ ရွှေစာရံဘုရားပွဲတော်က‌နေပြန်လာပြီး အုန်းချော-ကျောက်ဆည်ခရိုင်ချင်းဆက်လမ်းအတိုင်း မောင်းနှင်လာတဲ့ ဟိုင်းလတ် ၁ ခန်းခွဲ မော်တော်ယာဉ်ဟာ အခင်းဖြစ်ပွားရာနေရာအရောက်မှာ ပေ ၃၀ ခန့်အနက်ရှိ လမ်းဘေးချောက်ထဲကို ထိုးကျတိမ်းမှောက်ခဲ့တာလို့ ဆိုပါတယ်။

" သူတို့ကားက ပြင်ဦးလွင်ဘက်ကို ပြန်မတက်ဘဲနဲ့ ကျောက်ဆည်ဘက်လမ်းကိုသွားတာမှာ မှောက်တာ။ မှောက်တာက မျက်မြင်တွေပြောကြားချက်အရကတော့ ကား ၁ စီးကိုကျော်တက်ရာကနေ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကျသွားတာလို့တော့ သိရတယ်။"လို့ ကူညီကယ်ဆယ်ရေးပြုလုပ်ပေးခဲ့သူတဦးက ပြောပါတယ်။

ကားချောက်ထဲကျလို့ ယာဉ်ပေါ်ပါ ၁၄ ဦးအနက် အသက် ၁၂ အရွယ် မိန်းကလေး ၁ ဦး ၊ အသက် ၁၀ နှစ်အရွယ် ယောက်ျားလေး ၁ ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦး နေရာမှာသေဆုံးခဲ့ပြီး ကျန်ဒဏ်ရာရသူတွေကို စဉ့်ကိုင်ဆေးရုံသို့ ပို့ဆောင်ချိန်မှာ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ၃ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူ ၆ ဦးမှာလည်း စိုးရိမ်ရတဲ့အခြေနေရှိနေလို့ စဉ့်ကိုင်ဆေးရုံကတဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကာ ဆေးကုသနေရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ပြင်ဦးလွင်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာနေသူတွေဖြစ်ပြီး ရွှေစာရံဘုရားပွဲကို လာရောက်လည်ပတ်သူတွေဖြစ်ကာ ရွှေစာရံဘုရားပွဲကို တပေါင်းလပြည့်နေ့ မတ် ၁၃ ရက်ကနေ ၂၂ ရက် အထိ ကျင်းပနေတာဖြစ်ပြီး ဘုရားပွဲမှာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာပြည်သူတွေနဲ့ စည်ကားနေတယ်လို့ သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#စဉ့်ကိုင် #ရွှေစာရံ #ဘုရားဖူး #ကားမှောက် #သေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10