ဘုရားဝန်းထဲ လုံခြုံရေးယူနေတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ ၈ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့၊ သရက်ခွပျူစခန်းမြောက်ဘက် ဘုရားဝန်းအတွင်းမှာ အင်အား ၁၀ ဦးခန့်နဲ့ လုံခြုံရေးယူနေတဲ့ စစ်အုပ်စုကို မေလ ၁၇ ရက် ညနေမှာ ကာကွယ်ရေးအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရတဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ အပစ်ခံရလို့ ‌စစ်သား ၈ ဦး သေဆုံးပြီး သေဆုံးတဲ့ စစ်သားတွေဟာ ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၁ တပ်က စစ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။


"ကျနော်တို့ဝင်တိုက်မယ်လို့ ဒီကောင်တွေက မထင်ဘူး။ ကျနော်တို့ ဒရုန်းနဲ့ဝဲကြည့်တဲ့အချိန်မှာ ဘန်ကာတွေထဲကို ဝင်ပြေးသွားတာ။ ကျနော်တို့ ဘန်ကာတွေအထဲကို လက်ပစ်ဗုံး ၄ လုံးပစ်ထည့်တယ်။ ဘုရားပေါ်မှာ တပ်စွဲထားတဲ့ကောင်တွေက ခံပစ်တာ။ ကျန်တဲ့သူတွေက မပစ်ဘူး။ ည ၇ နာရီ ၂၀ မိနစ်ကျော်မှ တိုက်ပွဲကပြီးတယ်။" လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- မြိုင်မြို့နယ် ပကဖ ဗိုလ်လက်ယာက ပြောပါတယ်။

လက်ရှိ ဘုရားဝန်းအတွင်းမှာ စစ်ကောင်စီအုပ်စု မရှိတော့သလို ဘုရားဝန်းအနီးဝန်းကျင်က သရက်ခွဘုန်းကြီးကျောင်းမှာ လုံခြုံရေးယူထားတဲ့ ခလရ ၂၅၁ တပ်ကလည်း မြိုင်မြို့တောင်ဘက်ကို ထွက်သွားတယ်လို့ ဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို တပ်ရင်း ၁၊ ၂၊ တပ်ခွဲ - ၁ (ရင်း၁)၊ တပ်ခွဲ - ၃ (ရင်း၁)၊ ကိုအောင်ကြီးတပ်ဖွဲ့ နှင့် စကြ်ာအဖွဲ့(ပေါက်) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မြိုင် #ပကဖ #ဗိုလ်လက်ယာ #ခလရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10