ဘူးလက်လှဆွေရွာ ပျူစောထီးတွေက YDF ရဲဘော်နှစ်ဦးကို ကြိုးတုပ်ပြီး အရှင်မီးရှို့သတ်အောင်ပွဲခံနေတဲ့ ရုပ်သံထွက်ပေါ်လာ

ဘူးလက်လှဆွေရွာ ပျူစောထီးတွေက YDF ရဲဘော်နှစ်ဦးကို ကြိုးတုပ်ပြီး အရှင်မီးရှို့သတ်အောင်ပွဲခံနေတဲ့ ရုပ်သံထွက်ပေါ်လာ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ ပျူစောထီးတွေက တိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ ယောကာကွယ်ရေးတပ်-YDF ရဲဘော် ၂ ဦးကို သံကြိုးတွေနဲ့ တုပ်နှောင် ညှင်းပမ်းနှိပ်စက်ပြီး အရှင်လတ်လတ် မီးရှို့သတ်ကာ ဝိုင်းဝန်းကြည့်ရှု့ အောင်ပွဲခံနေတဲ့ ရုပ်သံဖိုင်တွေကို မြေပြင်သတင်းပေးပို့ချက်အရ ရရှိခဲ့ပါတယ်။

သတင်းပေးချက်နဲ့ ရုပ်သံမှတ်တမ်းအရ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်တပ်အင်အား စုစုပေါင်း ၂၀၀ ကျော်က ရဲဘော် ၂ ဦးကို ထိပ်တုံးခတ်ကာ ရိုက်နှက်ပြီး "PDF တွေ ခွေး" လို့ အော်ခိုင်းနေတာ၊ ပြီးနောက် သံကြိုးတုပ်ထားပြီး တရွတ်တိုက်ဆွဲခေါ်သွားကြတာ သစ်ပင်အောက်မှာ မီးဖိုပြီး ကြိုးနဲ့ တွဲလောင်းချိတ် မီးရှို့ တာတွေ၊ လက်ခုပ်တီးအားပေးကြတာ ကခုန်ကြတာတွေကို ရိုက်ကူးထားကို တွေ့ရပါတယ်။

ရုပ်သံထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး "ပျူစောထီးထဲကမှ အလင်းဝင်သွားတဲ့ကလေးကို သူတို့က ဆက်သွယ်တာပေါ့ ဖုန်းပါသွားလောက်တယ်ဆိုပြီး ခြိမ်းခြောက်တယ်။ သူတို့ပြောကြတာက နောက်တခါမင်းတို့ အလင်းဝင်ပြီး ငါတို့ရွာကိုလာတိုက်ရင် ဒီလိုသတ်တယ်ဆိုတဲ့ပုံစံမျိုး ပြတာပေါ့ ကြောက်အောင်" လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီရုပ်သံဖိုင်တွေဟာ အလင်းဝင်လာသူဆီကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့က ရရှိခဲ့တာဖြစ်တယ်လို့ သူကဆက် ပြောပါတယ်။

အသတ်ခံရသူ ရဲဘော်နှစ်ဦးဟာ ယောကာကွယ်ရေးတပ်-YDF တပ်က ဆိုတာကို အဲဒီအဖွဲ့ရဲ့ ပြန်ကြားရေးက မြေလတ်အသံကို ပြောပါတယ်။

"မြောက်ခရမ်းရွာက ပျူစောထီးတွေကို အစောတုန်းကတပ်ကချထားတဲ့ ဗိုလ်မှူးသန်းနိုင်ကနေဦးဆောင်တယ်။ ဘူးလတ်လှဆွေရွာလည်းဖြစ်ပါတယ်။ ဘူးလတ်လှဆွေက ရွာမှာထိုင်တာမဟုတ်ပါဘူး။ လိုင်းပေါ်ကနေ ဖုန်းနဲ့ညွှန်ကြားပြီးတော့လုပ်တာ။ ရွာမှာထိုင်တာက စစ်တပ်ကဖြစ်ပါတယ်။ ဘူးလတ်လှဆွေကတော့ နောက်ကနေပြီးတော့ ကြိုးကိုင်တာ။လက်နက်ကိစ္စတွေကအစ သူကနေချပေးဖို့ လိုင်းပေါ်မှာလည်းတရားဝင်တောင်းတာရှိတယ်။ အပြင်မှာလည်းတောင်းတယ်ဆိုတာ ကျနော်တို့သတင်းတော့ရထားတာရှိပါတယ်"  လို့ သူက ပြောပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး YDF ပြန်ကြားရေးက "ဒီလိုအရှင်လတ်လတ်မီးရှို့သတ်တာတော့ ကျနော်တို့လုံးဝကို လက်ခံလို့မရတဲ့အတိုင်းအတာပါ။ စစ်ပွဲကစစ်ပွဲပဲ ကျနော်တို့လည်း စစ်သုံ့ပန်းတွေရထားတာရှိပါတယ်။ ဒါမျိုးမလုပ်ပါဘူး။ ကျနော်တို့လည်း ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ လုပ်ပါတယ်။ ကျနော်တို့ကတော့ ဘယ်လိုမှခွင့်လွှတ်လို့ရတဲ့ အနေအထားမျိုးမဟုတ်ပါဘူး။" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်က မြောက်ခင်ရန်းရွာကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ကြတာမှာ သတင်းပေါက်ကြားမှုကြောင့် တော်လှန်ရေးရဲဘော် ၅ ဦးနဲ့ ပြည်သူ ၁ ဦးသေဆုံးခဲ့တယ်လို့ YDF အဖွဲ့ထံကသိရပါတယ်။

#မြေလတ်အသံ

#မကွေးတိုင်း #ဂန့်ဂေါ #မြောက်ခင်ရန်း #ပျူစောထီး #စစ်ကောင်စီ #ယောကာကွယ်ရေးတပ်YDF #စစ်သုံ့ပန်း #နွေဦးတော်လှန်ရေး #ဖမ်းဆီးသတ်ဖြတ်ခံရ #မြေလတ်သတင်း #မီးရှို့အသတ်ခံရ #ဘူးလက်လှဆွေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10